Monday, August 27, 2012

ကျွန်မချစ်သော Panorama

ဒီနေရာလေးကို ကျွန်မအကြိမ်ကြိမ်ဖြတ်သန်းခဲ့ဖူးပါတယ်.....ကျွန်မတို့မြို့ငယ်လေးမှ မန္တလေးမြို့ကို သွားတဲ့ အခါတိုင်းပေါ့.....ကျွန်မကားပေါ်မှာ ဘယ်လောက်ဘဲ အိပ်ငိုက်ပါလာပါစေ..... ဒီနေရာလေးကိုရောက်တိုင်း အမြဲတမ်းနိုးထပြီး ပတ်ဝန်းကျင်ရှုခင်းလေးတွေကို ခံစားတတ်တယ်.....ငယ်ငယ်ကတည်းက ဒီမြင်ကွင်းလေးတွေကို စွဲလန်းခဲ့ရတယ်.....အခုအချိန်ထိအမြတ်တနိုးတန်ဖိုးထားရဆဲပါဘဲ.....

သန်းရှင်းလတ်ဆတ်စွာ ပြေးဆော့လာတဲ့လေက စိတ်အစဉ်ကို ပေါ့ပါးလန်းဆန်းစေသလို
ငြိမ်းချမ်းတဲ့ အသွင်ဆောင်တဲ့ ပတ်ဝန်းကျင်တစ်ခုလုံးက အမြင်အာရုံကို ဖမ်းစားထားနိုင်ပြီး ကျေနပ်မှုအပြည့်ဖြစ်စေပါတယ်.....ဒီနေရာလေးကတော့ ဧရာအနောက်ဘက်ခြမ်း စစ်ကိုင်းဒေသနှင့်  အရှေ့ဘက်ခြမ်းက မန္တလေးဧရိယာကို ဆက်သွယ်ပေးထားတဲ့ ခန့်ငြားထည်ဝါလှတဲ့ အင်းဝတံတားလို့ခေါ်ကြတဲ့ စစ်ကိုင်းတံတားကြီးပါဘဲ.....ကျွန်မတို့မြိုံလေးမှ မန္တလေးမြို့သို့သွားလျင် စစ်ကိုင်းမြို့တွင်းကို ဖြတ်ပြီး တံတားကြီးပေါ်ရောက်ပြီဆိုတာနဲ့ ဒီပတ်ဝန်းကျင်ရှုခင်းလေးတွေကို ခံစားရမှာပါ

From 'Google'(Credit to Photographer)
  • စိမ်းညို့ညို့ သစ်ပင်တောတန်းတို့ဖြင့် အစဉ်ဖုံးလွှမ်းလှပပြီး သာသနာရောင်ဝါထွန်းကားလှတဲ့ စစ်ကိုင်းတောင်ရိုးတလျှောက်မှ ဆွမ်းဦးပုညရှင်ဘုရား ပတ္တမြားစေတီ ဥမင်သုံးဆယ် ဥမင်ကိုးဆယ်နှင့် များစွာသော ထုံးဖြူဖြူဖွေးဖွေးစေတီပုထိုးတွေ ဘုန်းကြီးကျောင်းတွေ 
  • ပြီးတော့ ကြည်ညိုဖွယ်ကောင်းတဲ့ ကောင်းမှုတော်စေတီတော်ကြီးနှင့် အေးချမ်းစွာ လှပနေတဲ့ စစ်ကိုင်းမြို့လေး
  • တံတားတစ်ဖက်ထိပ် ဘယ်ဘက်ခြမ်းမြစ်ကမ်းပါးယံအဆင့်ဆင့်မှာ စေတီတန်ဆောင်းအဆင့်ဆင့်နှင့် ပနံတင့်ကြည်နူးဖွယ်ကောင်းလှတဲ့ ရွှေကြက်ယက် နှင့် ရွှေကြက်ကျစေတီညီနောင်
  • ညာဘက်တံတားထိပ်မှာတော့ မြန်မာ့သမိုင်းဝင် သပြေတန်းခံတပ်
  • ပြီးတော့ မြစ်မင်းဧရာနှင့်  ဒုဌာဝတီလို့ ခေါ်တဲ့ မြစ်ငယ်မြစ်တို့ ပေါင်းဆုံရာမြစ်ဆုံ
  • မြစ်ဆုံရဲ့ ဟိုဘက်မှာတော့ ရှေးဟောင်းအင်းဝမြို့ဟောင်းနှင့် မှုန်ပြပြမြင်နိုင်တဲ့ နန်းမြင့်မျှော်စင်နှင့် မယ်နုအုတ်ကျောင်း
  • အဲဒီနောက် ခပ်လှမ်းလှမ်းမှာတော့ တစ်ချိန်က မင်းနေပြည်တော်ဖြစ်ခဲ့တဲ့ ရွှေမန္တလေးမြို့ နှင့် အမရပူရမြို့
  • တဖန် မိခင်ဧရာဝတီရဲ့ အထက်ကို ဆန်ပြီးမှန်းဆကြည့်ရင်တော့ တရေးရေးမြင်နိုင်တဲ့ မင်ကွန်းမြို့ဟောင်းနှင့်အတူ သမိုင်းဝင်ခေါင်းလောင်းကြီး ပုထိုးတော်ကြီး နှင့် မြသိန်းတန်စေတီ
  • ပြီးတော့ မြန်မာအင်ဂျင်နီယာတွေရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ ရတနာပုံတံတား(မန္တလေး)
  • တံတားကြီးနှစ်စင်းရဲ့အောက်ဖက်မှာတော့  ငြိမ်းချမ်းစွာ စီးဆင်းနေတဲ့ မြစ်မင်း ဧရာဝတီ
  • ဧရာရင်ခွင်အတွင်းမှာ အားမာန်အပြည့်နှင့် လှုပ်ရှားနေတဲ့ သစ်ဖောင် ၀ါးဖောင် လှေ စက်လှေ သင်္ဘောတွေ
  • သဲသောင်ဖွေးဖွေးနှင့် သောင်ကမ်းစပ်မှာ ရေချိုးဆင်းသူများ
  • မြစ်ပြင်ကို ဖြတ်ပြီးတိုက်ခတ်လာတဲ့ လေပြေအေးအေးလေးတွေ
  • စေတီပုထိုးတို့ဆီမှ လှုပ်ခတ်လွှင့်ပျံ့လာတဲ့ ဆည်းလည်းခတ်သံလေးများ
ဝိုး....ဘယ်ပန်းချီဆရာမှ ရေးလို့မမှီနိုင်တဲ့ သဘာဝအလှပန်းချီကားလေးတစ်ချပ်ပါ....အရမ်းကို လှပ ကဗျာဆန်ပြီး ကြည်နူးစရာကောင်းတဲ့ ရှုမြော်ခင်းတွေပါဘဲ.....မြန်မာလူမျိုးဖြစ်ရခြင်းအတွက်လည်း  ကိုယ့်ကိုကိုယ်  ဂုဏ်ယူမိပါတယ်.....ခင်မင်ရတဲ့ မိတ်ဆွေတို့လည်း တစ်ခေါက်တစ်ခါ အရောက်လာပြီး ဒီမြင်ကွင်းလေးတွေကို ခံစားကြည့်စေချင်ပါတယ်.....
(ဆန်းစနေ၀န်း)
 


Tuesday, August 21, 2012

တွဲလက်များ

တို့နှစ်ယောက်
တစ်ယောက်ကိုတစ်ယောက်
သိပ်ချစ်ကြပါတယ်
ဒါပေမယ့်
တို့နှစ်ယောက်ဟာ
လမ်းမကြီးရဲ့ အဆုံးတစ်ဖက်ဆီကနေ
လျှောက်လှမ်းလာသူများဖြစ်ကြလို့
တစ်ယောက်နှင့်တစ်ယောက်
အမြင်တွေ မတူညီကြပါဘူး


တစ်ချိန်ချိန်မှာ တို့နှစ်ယောက် အနီးဆုံး
ဆုံဆည်းနိုင်ခွင့်ရှိပါတယ်
ဒါပေမယ့်
တစ်ချိန်ချိန်မှာတော့ တို့နှစ်ယောက် အဝေးဆုံးဆီကို
 ကျောခိုင်းသွားနိုင်တဲ့ အခြေအနေမျိုးလည်းရှိနိုင်ပါတယ်

တို့နှစ်ယောက်
ဆုံဆည်းတဲ့နေရာလေးမှာဘဲ
ခြေဆုံရပ်နေကြမလား
ဒါမှမဟုတ်
ကိုယ်လျှောက်နေတဲ့
လမ်းအတိုင်းဆက်လျှောက်ကျောခိုင်းသွားကြမလား


ဒါပေမယ့်
တို့နှစ်ယောက်က
သိပ်ချစ်ကြတယ်လေ
 အဲဒီတော့
တို့နှစ်ယောက်
မတူညီတဲ့အမြင်တွေကို 
နားလည်မှုဆိုတဲ့
အရာလေးနဲ့
လက်ခံဖြေရှင်းလိုက်တဲ့အခါ
မေတ္တာဆိုတဲ့
အေးချမ်းတဲ့
လမ်းသစ်လေးတစ်ခုကို
ရှာဖွေတွေ့ရှိပြီးနောက်မှာတော့
............


google မှ ကူးယူပါသည်
  (ဆန်းစနေ၀န်း)

Wednesday, August 15, 2012

အိပ်မက်လေးကို အိပ်မက်လေးအဖြစ်


အိပ်မက်လေးတစ်ခု ရှိခဲ့ဖူးတယ်
ကလေးဘ၀ကတည်းကပေါ့
အိပ်မက်လေးကို
ရင်ခုန်ခဲ့ဖူးတယ်
ရူးသွပ်ခဲ့ဖူးတယ်
အရမ်း သဘောကျခဲ့ဖူးတယ်
တစ်နေ့ကျရင်  အိပ်မက်လေးအောင်မြင်အောင် ကြိုးစားမယ်ဆိုပြီး စိတ်ကူးယဉ်ခဲ့ဖူးတယ်
အိပ်မက်မက်ရင်း ဘ၀လမ်းကို တရွေ့တရွေ့နဲ့ လျှောက်လှမ်းခဲ့တယ်
လျှောက်ရင်း လျှောက်ရင်းနဲ့ပင်
ကိုယ်လျှောက်နေတဲ့လမ်းက အိပ်မက်လေးနဲ့ ဝေးကွာသွားတယ်
ဒီလိုနဲ့ဘဲ ဘ၀ခရီးကို ဆက်လျှောက်နေခဲ့တယ်
ဘ၀ဆိုတဲ့ ၀ဲဂယက်ထဲမှာ အိပ်မက်လေးက ငုတ်ချည် ပေါ်ချည်ပေါ့
ဒါပေမယ့်
ဆန္ဒရှိရင် အောင်မြင်တယ် ဆိုတဲ့အတိုင်းပါဘဲ
ကိုယ်တစ်ချိန်က မက်ခဲ့တဲ့ အိပ်မက်လေး အကောင်အထည်ဖော်ဖို့ အခွင့်အရေးရှိလာခဲ့တယ်
တဒင်္ဂအတွင်း
အရမ်းပျော်ရွင်သွားတာပေါ့
ကိုယ်ကိုယ်တိုင်ကလည်း အဲဒီအိပ်မက်ပန်းပင်လေးကို အသီးအပွင့် ဝေေ၀ဆာဆာနဲ့ လှလှပပ ဖူးပွင့်အောင် စိုက်ပျိုးရတော့မယ်ဆိုပြီးပေါ့
သို့ပေမယ့်လည်း
ပစ္စုပ္ပန်ကို စဉ်းစားလိုက်တဲ့အခါ
မဖြစ်နိုင်တော့ပါဘူး
ကိုယ့်မှာ ငဲ့ညှာစရာတွေ ရှိနေပြီလေ
တဖက်က ကိုယ်အတ္တ နှင့် တဖက်က ကိုယ့်အသိုက်အမြုံ
စိတ်ကူးယဉ်ဘ၀နှင့် လက်တွေ့ဘဝ
ဆန္ဒ နှင့် မေတ္တာ
အားအပြိုင်ဆွဲကျတဲ့အခါ
အိပ်မက်ကလေး
လန့်နိုးသွားလေရဲ့

(အိပ်မက်လေးကို အိပ်မက်လေး အဖြစ်နဲ့တော့ ဆက်မက်နေအုံးမှာပါဘဲ)
(ဆန်စနေ၀န်း)








ရင်ထဲက ပုဂံ(၅)

ဒီရက်ပိုင်းမှာ ပုဂံ နှင့် ပတ်သက်တဲ့ အကြောင်းအရာတွေကို အရမ်းစိတ်ဝင်စားနေမိတယ်...
အင်တာနက် တီဗွီမှာ ကြည့်ရသည်ဖြစ်စေ...
မဂ္ဂဇင်း ဂျာနယ် စာအုပ် စာစောင်တွေမှာ  ဖတ်ရသည်ဖြစ်စေ...
ပုဂံရဲ့ ဗိသုကာလက်ရာတွေနှင့် ပတ်သက်ပြီးတော့ paperလေးတစ်ခု ရေးဖို့ ရည်ရွယ်မိတယ်.....
 

လတ်တလောဖတ်ဖြစ်နေတဲ့ ပုဂံဗိသုကာလက်ရာတွေအကြောင်းရေးသားထားတဲ့ စာအုပ်တွေပါ.....
Dr.လွင်အောင် ရဲ့
     ...ဗိသုကာအနုပညာအတွေးအမြင် နှင့် ဗိသုကာအဆောက်အဦးပညာစာစုများ 
     ...ဗိသုကာလက်ရာ

Dr.ကျော်လတ် ရဲ့
     ... Art and Architecture of Bagan and Historical Background with data of Important Monuments
 
မင်းဘူးဦးအောင်ကြိုင်ရဲ့
     ...ပုဂံခေတ်ဗိသုကာလက်ရာများ
     ...လက်ရာစုံစွာ အာနန္ဒာ
     ...မြတ်ဘုရားရွှေစည်းခုံ လက်ရာစုံ

ဦးသန်းဆွေရဲ့
     ...သမိုင်းဝင် ပုဂံစေတီပုထိုးများ
စတဲ့ စာအုပ်တွေ ဖြစ်ပါတယ်.....

နောက်ထပ် ဘာစာအုပ်တွေရှိအုံးမလဲ.......
(ဆန်းစနေ၀န်း)


Thursday, August 9, 2012

မင်္ဂလာရှိသောနေ့

၂၀၁၂..ဇူလိုင်လ (၂၉)ရက် တနင်္ဂနွေနေ့လေးဟာ ကျွန်မတို့ မိသားစုအတွက် မင်္ဂလာရှိသောနေ့တစ်နေ့ ပါဘဲ
သမီးလေး (၁၁)လပြည့် နာမည်ပေး ကင်ပွန်းတပ် မွေးနေ့အတွက် ရည်ရွယ်ပြီး အိမ်မှာ ၀ါဆိုသင်္ကန်းကပ်အလှူလေးတစ်ခု လုပ်ဖြစ်ခဲ့တယ်...
သမီးလေးရဲ့ နာမည်က အိမြတ်ချယ်တဲ့
အိမ်နာမည်ကတော့ တုန်တုန်လေး (ခ) ဘေဘီစတုန်းပေါ့
 

မနက်(၄း၃၀)နာရီ အရုဏ်တက်ချိန်မှာ အေးမြရွှေပြည်ဘုန်းတော်ကြီးကျောင်းမှ ဘုန်းဘုန်း(၃)ပါးကို ပင့်ဖိတ်ပြီး ၀ါဆိုသင်္ကန်း လှူဒါန်းပြီး အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းတယ်...

ဘုန်းဘုန်းများကို ၀ါဆိုသင်္ကန်း..ဆေး..ဆန်..ပျားရည်..မုန့် စသည်တို့ကိုလှူဒါန်းတယ်...
 

ဘုန်းဘုန်းတို့မှ တရားတော်များ ချီးမြင့်ပြီး သင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္ထုအစုစုကို ရေစက်ချလှူဒါန်းတယ်..
 

အရုဏ်ဆွမ်းအတွက်ကတော့ကြက်သားပလာတာ..လက်ဘက်ရည်၊ကော်ဖီ..ကိတ်.အကြော်စုံ.လက်ဘက်သုတ်..
ညတရာမုန့်..သရက်သီး..စသည်တို့ကို ဆက်ကပ်တယ်...
သမီးလေးမွေးနေ့အတွက် ကုသိုလ်ကောင်းမှုလေးတစ်ခု ပြုလုပ်ပေးနိုင်လို့ အရမ်းကို ပီတိ ဖြစ်ရပါတယ်...

သမီးလေးကလည်း သူ့မွေးနေ့မို့လားမသိ.. မနက်အစောကြီးကတည်းက နိုးပြီး အသံလေးစာစာနဲ့အော်နေတော့တာဘဲ...
 
ဧည့်သည်တွေအတွက်လည်း ကြက်သားပလာတာ..ကော်ဖီ..ကိတ်..လက်ဘက်သုတ် နှင့် ဧည့်ခံဖို့ရန်အတွက် ပြင်ဆင်ထားတယ်...
ကြက်သားပလာတာ ဟင်းရည်အိုးတည်ရန် မီးမွှေးပြင်ဆင်နေတဲ့ သမီးလေး ဖေဖေပါ...

အန်တီမြင့်မြင့်ဝင်းကလည်း ပလာတာတွေ ပြင်ဆင်နေရင်းပေါ့...
 

ဧည့်သည်တွေရောက်တဲ့အချိန်မှာ သမီးလေးက မနက်အစောကြီးအိပ်ရာထရတဲ့အတွက် အိပ်ချင်နေပြီ...
 သမီးလေးရဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ နိုးနိုးနှင့် ရှမ်းကလေး ကလည်း မွေးနေ့ပွဲကို အားပေးရင်းနဲ့ပေါ့...
 ကိုကိုကောင်းကောင်း.. ကိုကိုပူတူး..နှင့် မမယွန်းယွန်း တို့လည်း လာကြတယ်
မောင်လေး စစ်မင်းညိုရောပေါ့
 အန်တီမြင့်မြင့်ဝင်း..မမဘုတ်ဘုတ် နှင့် မမ၀င်းဆန်း တို့ကလည်းအပြိုင် လန်းနေကြတာပေါ့
မွေးနေ့ပွဲမှာ camera manလုပ်ပေးတဲ့ ကိုကို ဝေလင်းထွန်းကို ဓာတ်ပုံတွေထဲမှာ မပါပေမယ့် မီးလေးတုန်က ကျေးဇူးအထူးတင်ပါတယ်...
မေမေနှင့် မီးလေးတုန်လေး စကားတွေပြောနေကြတာ..
 မေမေ..အမေကြီး နှင့် မီးလေးတုန်
 ဖေဖေ..မေမေ..နှင့် မီးလေးတုန်
 ကစားစရာများကို စိတ်ဝင်စားနေသော  မီးလေးတုန်တုန် (ခ) ဘေဘီ စတုန်းလေး

 ဖေဖေ မေမေ တို့ရဲ့ မီးလေးတုန်လေးရေ...
မင်္ဂလာရှိသောမွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်ရတဲ့ ဖေဖေ.. မေမေ.. ဖိုးဖိုး..ဖွားဖွား.. တို့နှင့်အတူ ဘ၀ခရီးလမ်းကို  ပျော်ရွင်အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုရင်း....
ချစ်မ၀တဲ့ ဖေဖေ...မေမေ
(ဆန်းစနေ၀န်း)  



Friday, July 27, 2012

ရင်ထဲက ပုဂံ(၄)

ပုဂံရဲ့ ချစ်စရာ တေးသံလေးတွေပါ.....
လေအဝှေ့မှာ လွင့်ပျံ့နေတဲ့ ကြေးစည်လေးတွေ မောင်းလေးတွေ ခေါင်းလောင်းလေးတွေရဲ့ သီကျူးတေးဖွဲ့သံတွေပါ....


ထီးလိုမင်းလိုမင်းဘုရားရင်ပြင်မှ ဈေးသည်လေးတွေရဲ့ ဈေးရောင်းချတဲ့ အနုပညာလေးတွေပါ....

 

၂၀၁၀ စက်တင်ဘာလက အမှတ်တရ ရိုက်ချက်များပါ...
ပုဂံကို ပြန်လည်အမှတ်ရလွမ်းဆွတ်နိုင်ပါစေ.....
(ဆန်းစနေ၀န်း)

Thursday, July 19, 2012

လွမ်းနေပါအုံးမည်

အချိန်လေးတစ်ခု..... တဒင်္ဂပါဘဲ.....
ဒါပေမယ့် ရင်ထဲမှာ စွဲထင်နေစေမယ့် အမှတ်တရများစွာရှိခဲ့ဖူးတယ်.....
အဲဒီနေရာလေး အဲဒီအချိန်လေး နှင့် အဲဒီ အသိုက်အမြုံလေး
ဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူး.....
 
တစ်ချိန်က…
ခုံမင်ခဲ့ဖူးတယ်...မြတ်နိုးစွာခုံမင်ခဲ့ဖူးတယ်.....ဒီဘဝလေးကို
ချစ်စရာကောင်းသော တပည့်များနှင့်အတူ.....
ကျောင်းတော်ကြီးထဲက တစ်ထပ်စာသင်ဆောင်များဖြစ်တဲ့
အဆောင်(၃) ၊ (၅)၊ (၆)၊ (၈) နှင့် (၉) တို့မှာ ခြေရာတွေဖြန့်ကျက်ရင်း
ဗိသုကာပညာကို အစပျိုးပေးခဲ့ဖူးတယ်.....
သုံးထပ်ကျောင်းဆောင်ကြီးပေါ်က Drawing Rooms
Computer Room နှင့် Classrooms တွေထဲမှာ 
Lecturer တွေပေးရင်း...Discussionတွေလုပ်ရင်း 
Juryတွေထိုင်ရင်း Designတွေ ဝေဖန်ငြင်းခုံရင်း
Drawing တွေသင်ကြားရင်း
ဗိသုကာဆိုတဲ့ အလှပန်းလေးတွေကို လှပဖူးပွင့်စေခဲ့ဖူးတယ်.....
Design Projectတိုင်းမှာ ညပေါင်းများစွာ အိပ်ရေးပျက်ခံပြီး 
Drawing တွေနဲ့ နပန်းလုံးခဲ့ကြတဲ့ တပည့်တွေကို
စိတ်ဓာတ်ခွန်အားတွေအပြည့်ပေးခဲ့ဖူးတယ်..... 
ကျောင်း Activity ဖြစ်တဲ့ ကထိန်ပွဲတိုင်းမှာ
မေဂျာအလိုက် အပြိုင်အဆိုင်
ပဒေသာပင်တွေသီကြရင်း စတုဒီသာတွေကျွေးရင်း
ကောင်းမှုကုသိုလ်ဒါနတွေ ပြုလုပ်ခဲ့ကြဖူးတယ်.....
Fresher Welcome တိုင်းမှာလည်း မြိုင်မြိုင်ဆိုင်ဆိုင် 
အလှတွေပြိုင်ပြီး ရင်းနှီးပျော်ရွှင်မှုတွေ တိုးစေခဲ့ဖူးတယ်.....
စာမေးပွဲကြီးပြီးလို့ Field Study နှင့် Measure Drawing တွေ
ထွက်တဲ့အချိန်တိုင်းမှာလည်း ပျော်ရွှင်စွာ လေ့လာတိုင်းတာကြရင်း
စည်းလုံးခြင်းရဲ့ အင်အားကို သိစေခဲ့ဖူးတယ်.....
မြတ်နိုးတဲ့ ဒီဘဝ စေတနာအပြည့်အဝနှင့် ခုံမင်ခဲ့ပါတယ်.....
 
တစ်ချိန်က…
ပျော်ရွင်ခဲ့ဖူးတယ်...လွတ်လပ်စွာပျော်ရွင်ခဲ့ဖူးတယ်.....ဒီဘဝလေးကို
ခင်မင်စရာကောင်းသော သူငယ်ချင်း မိတ်ဆွေများနှင့်အတူ
တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမခဲ့ကြဖူးတယ်…..
ဆရာမအဆောင်ရှေ့က စိန်ပန်းပင်နီနီအောက်မှာ
ဆရာအဆောင်ရှေ့က ခြင်းကွင်းနံဘေးမှာ
ဝိုင်းဖွဲ့ကာ စခဲ့နောက်ခဲ့ကြဖူးတယ်.....
ကျောင်းကန်တင်းများဖြစ်တဲ့ မိုးမိုးဆိုင်က တမာရိပ်မှာ
ဦးစိုးဆိုင်က ထန်းလက်တဲရိပ်မှာ မုန့်ဆိုင်တန်းက ဗာဒံရိပ်မှာ
စကားရည်တွေလုခဲ့ကြဖူးတယ်.....
အနောက်ရွာက ကာရာအိုကေသီချင်းဆိုင်မှာ
သီချင်းတွေသီဆိုခဲ့ကြဖူးတယ်…..
လမ်းမထိပ် ဝတုတ်ဆိုင်က အကြော်နှင့် ပိစိရဲ့ လက်ဘက်ရည်ကို
တဝကြီးစားခဲ့ကြဖူးတယ်.....
ရွှေမင်းသမီးမှာ ခေါက်ဆွဲသုတ်တွေစားရင်း
ကံပြားအရှေ့ရွာရဲ့ သဘာဝတွေကို ငေးမောကြည့်ခဲ့ကြဖူးတယ်…..
ရွာသားကြီးရဲ့ မရိုးနိုင်သော လက်ဘက်ရည်ချိုချိုကိုသောက်ရင်း 
ပိုးအိစံနှင့် ဗညားဟန်တို့ သီချင်းတွေနဲ့ ပျော်မွေ့ခဲ့ကြဖူးတယ်.....
New Year ညတွေကို အဆောင်ရှေ့မြေကွက်လပ်မှာ
အစားအသောက်တွေ စုပေါင်းချက်ပြုတ်စားသောက်ကြရင်း
ကံစမ်းမဲတွေဖောက် gameတွေကစား သီချင်းတွေဆိုရင်း
ပေါ့ပါးစွာ ကျော်ဖြတ်ခဲ့ကြဖူးတယ်.....
သီတင်းကျွတ် တန်ဆောင်တိုင်ညတွေမှာ
အဆောင်ရှေ့က အုတ်ခုံတန်းမှာ ဖယောင်းတိုင်တွေ ထွန်းညှိကြရင်း
မီးပုံးလေးတွေ လွှတ်ခဲ့ကြဖူးတယ်.....
လွတ်လပ်တဲ့ ဒီဘဝ ရင်ထဲမှာ စစ်မှန်စွာနှင့် ပျော်ရွှင်ခဲ့ပါတယ်.....
 
တစ်ချိန်က…
သာယာခဲ့ဖူးတယ်... ကျေနပ်စွာသာယာခဲ့ဖူးတယ်...ဒီဘဝလေးကို
အဆောင်နေ အခန်းဖော်သူငယ်ချင်း ညီအစ်မများနှင့်အတူ
TVကလာတဲ့ Melody World သီချင်းပြိုင်ပွဲကို  ရင်ခုန်စွာ နားဆင်ရင်း
Puzzle Palace Program ကို စိတ်လှုပ်ရှားစွာ ကြည့်ရှုရင်း
အပန်းဖြေခဲ့ကြဖူးတယ်…..
မီးဖိုထဲမှာ ထမင်းဟင်းတွေ အတူချက်ပြုတ်ကြရင်း
စကားတွေ ဖောင်ဖွဲ့ခဲ့ကြဖူးတယ်.....
အခန်းရှေ့က  ယင်းမာပန်းရနံ့ကို ရှူရှိုက်ရင်း
နှစ်ခြိုက်စွာ အိပ်စက်ခဲ့ကြဖူးတယ်
အဆောင်နောက်ဖေးလယ်တောထဲက
ကျေးငှက်ကလေးတွေရဲ့ တေးသံသာကို နားဆင်ရင်း
သဘာဝအလှတွေကို နှစ်ခြိုက်ခဲ့ကြဖူးတယ်…..
ကံပြားရေကန်နံဘေးက ကျယ်ပြန့်တဲ့ မြက်ခင်းပြင်ပေါ်မှာ
အေးဆေးစွာထိုင်ကြရင်း ခံစားချက်တွေ ဖလှယ်ခဲ့ကြဖူးတယ်.....
အညာရဲ့ ထန်းပင်ပျိုရိပ်မှာ  ခိုလှုံရင်း
မွှေးပျံ့တဲ့ ထနောင်းရနံ့ကို ချစ်မြတ်နိုးခဲ့ဖူးတယ်…..
ကျေနပ်တဲ့ ဒီဘဝ ရောင့်ရဲ့စွာ သာယာခဲ့ဖူးတယ်.....

တစ်ချိန်က…
ရင်ခုန်ခဲ့ဖူးတယ်... ကြည်နူးစွာ ရင်ခုန်ခဲ့ဖူးတယ်.....ဒီဘဝလေးကို
နှလုံးသားပေး ချစ်ရတဲ့ ချစ်သူနှင့်အတူ
ဌာန Activity တွေကို စိတ်တူကိုယ်တူ ဦးဆောင်ရင်း
တက်ကြွစွာ ဆောင်ရွက်ခဲ့ကြဖူးတယ်.....
အဆောင်ရှေ့က လှေခါးထစ်တွေမှာ ကော်ဖီတစ်ခွက်ကို အတူသောက်ရင်း
လွတ်လပ်စွာ ရယ်မောခဲ့ကြဖူးတယ်.....
ကျောင်းဝန်းထဲက စိန်ပန်းပင်တန်း မြေနီလမ်းမှာ
ပျော်ရွင်စွာ အတူလျှောက်လှမ်းခဲ့ကြဖူးတယ်….. 
ကျောင်းအဝင်က ကျောက်စရစ်လမ်း  အတူဖြတ်သန်းရင်း
အနာဂတ်အရေး ဆွေးနွေးခဲ့ကြတယ်.....
ရွာထိပ်က တံတားအိုကိုဖြတ်ရင်း
ဘုရားငါးဆူမှာ ဖယောင်းတိုင်ဆီမီး  ကပ်လှူခဲ့ကြဖူးတယ်.....
မကွေးမြို့က ကမ်းနားလမ်းမှာ လေညင်းခံရင်း
မြစ်မင်းဧရာရဲ့ နေ၀င်ချိန်ဆည်းဆာအလှကို ခံစားခဲ့ကြဖူးတယ်.....
မြို့အစွန်က မြတ်စေတီ မြသလွန်ကို အတူဖူးမြော်ရင်း
ဆုထူးတွေ ပန်ခဲ့ကြဖူးတယ်.....
ကြိတ်ကြိတ်တိုးစည်းကားလှတဲ့ အညာရဲ့အစည်ကားဆုံး
သီတင်းကျွတ်ဘုရားပွဲတော်မှာ
တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ဈေးတန်းတွေကြားမှာ တိုးခဲ့ကြဖူးတယ်..... 
ပန်ထွာရာဇဝင် တည်ခဲ့ဖူးတဲ့
ဗိသာနိုးနယ်မြေမှာလည်း ခြေရာတွေဆန့်ရင်း
ရှေးဟောင်းဗဟုသုတတွေ ရှာမှီးခဲ့ကြဖူးတယ်.....
ဧရာဝတီရင်ပြင်ကို ဖြတ်ကျော်ရင်း 
တဖက်ကမ်းမင်းဘူးမြို့က နဂါးပွတ်တောင် စက္ကိန်းတဲနှင့် မမင်းဘူးစေတီ
မင်းလှမြို့က သမိုင်းဝင် မင်းလှခံတပ်
မလွန်ဘုရားပွဲတော် နှင့်
မန်းသံပရာကန်တို့မှာလည်း
ဒေသန္တရ ဗဟုသုတအတွက် အလည်အပတ်တွေ သွားခဲ့ကြဖူးတယ်.....
မုန်းချောင်းနံဘေးက ကျောင်းတော်ရာနှင့်
မန်းရေပြင်နံဘေးက စက်တော်ရာမှာလည်း အတူလက်တွဲရင်း
နိဗာန်ရည်ရွယ်ပြီး ဒါနတွေပြုခဲ့ကြဖူးတယ်.....
ကြည်နူးတဲ့ ဒီဘဝ လွမ်းမောစွာ ရင်ခုန်ခဲ့ဖူးတယ်.....

လွမ်းမောခဲ့ရတဲ့ အဲဒီနေရာလေး အဲဒီအချိန်လေး နှင့် အဲဒီ အသိုက်အမြုံလေးကို…
ထာဝရ လွမ်းနေပါအုံးမည်.....
 (ဆန်းစနေ၀န်း)