Saturday, June 30, 2012

မိုးရွာရင်...မိုးရေချိုးမယ်.....


"မိုးရွာရင် မိုးရေချိုးမယ်...မေမေလာရင်နို့စို့မယ်...ဖေဖေလာရင်အုန်းသီးခွဲစားမယ်....."
 အိမ်ရှေ့လမ်းမပေါ်မှာ မိုးရေထဲပြေးလွှားဆောကစားနေတဲ့ ကလေးငယ်တသိုက်ရဲ့ ပျော်ရွင်စွာ ခုန်ပေါက်အ်ာဟစ်ပြီး သီချင်းဆိုနေသံကြားတော့  ငယ်ငယ်တုန်းက ကလေးဘ၀လေးကို ပြန်လည် အမှတ်ရမိတယ်.....ဟုတ်တယ်.....
ကလေးဘ၀တုန်းကတော့ မိုးရွာရင် တအားပျော်ခဲ့ကြတာ.....ကျွန်မတို့မြို့လေးက အညာမြို့လေးဆိုတော့ မိုးကလည်းတော်တော်နဲ့ရွာခဲတယ်လေ....ရွာပြီဆိုရင်လည်း စွေမိုးဘဲ.....

မိုးရေချိုးမယ်
ကျွန်မတို့အိမ်ရဲ့ နောက်ဖေးမှာ သစ်ပင်တွေ ရေလောင်းဖို့အတွက် ခြံစီးရိုးတလျှောက် ရေမြောင်းလေး တူးထားပါတယ်.....
မိုးရွာပြီဆိုရင် ကုန်းမြင့်ဘက်က ရေတွေအကုန်လုံးဟာ အဲဒီမြောင်းထဲ အကုန်စီးဝင်တာပေါ့.....
မြောင်းထဲရေတွေပြည့်နေပြီဆိုတာနဲ့ ကျွန်မတို့ ကလေးတသိုက်ဟာမြောင်းထဲခုန်ဆင်းရေကူးကြတာပေါ့...
မြေနီတွေရောနေတဲ့ မိုးရေနီကြန့်ကြန့်ကိုလည်း ကျွန်မတို့ မမှုကြပါဘူး.....
တခါတရံမှာ အိမ်ရှေ့ကလှည်းလမ်းကြောင်းတလျှောက် ပြေးလွှားပြီး မိုးရေချိုးကြတယ်လေ.....
ပြီးတော့ အိမ်အမိုး တံစက်မြိတ်တလျှောက်မှာလည်း ချိုးကြတယ်....
ရေများများချိုးချင်တဲ့အခါ အိမ်တံစက်မြိတ် ရေသလျှောက်က ကျလာတဲ့ရေကိုချိုးကြတယ်.....
အရှိန်နဲ့ကျလာတဲ့ရေဆိုတော့ ခေါင်းတို့ ကျောပြင်တို့မှာ စပ်လိုက်တာ မပြောပါနဲ့တော့.....မိုးရေချိုးရတော့ အေးစက်ထုံကျင်နေတာပေါ့...ဒါပေမယ့်အရမ်းပျော်ရွင်ခဲ့ရတယ်.....

မိုးရေခံမယ်
ကျွန်မတို့ အညာမှာ ရေတွင်းရေကန်ရှားတော့ မိုးရွာပြီဆိုရင် မိုးရေခံရတာ သဘာဝတစ်ခုပါဘဲ.....
အိမ်မှာရှိတဲ့ ရာဝင်အိုး ဆယ်ဝင်အိုး(ပိသာဝင် စဥ့်အိုးကြီးများ)နှင့် အိမ်တံစက်မြိတ်  ရေသလျှောက်က ကျလာတဲ့ရေကို ခံရတယ်..... အိမ်မှာတော့ စဥ့်အိုးဆယ်လုံးလောက် ရေခံထားရတယ်.....
အဲဒီလို ရေခံရင်းနှင့် မိုးရေချိုးရတဲ့ အရသာကလဲ တသက်မမေ့နိုင်ပါဘူး.....

မိုးရာသီထမင်းဝိုင်း
တခါတလေ အဖေမြေပဲခင်းတွေသွားကြည့်တဲ့အခါ တောထဲကခူးလာတဲ့ ကင်းပုံညွန့်လးတွေကို အိမ်မှာစိုက်ထားတဲ့ ကန်းစွန်းညွန့်လေးတွေနဲ့ရောပြီး အမေက ဟင်းချိုပူပူလေးချက်.... ငပိကြော်...ပဲပြုတ်လေးနှင့် မိသားစုဝိုင်းဖွဲ့ ထမင်းစားခဲ့ကြတာကိုလဲ မမေ့နိုင်ပါဘူး.....
မှိုကျင်းတွေရလာတဲ့နေ့များဆိုရင်တော့ မှိုနှင့်ကန်စွန်းရွက် ကိုငရုပ်သီးစပ်စပ်လေးနှင့် ဟင်းရည်လေးချက်ပြီးစားကြတယ်.....
မြေပဲအပင်ဖောက်တဲ့နေ့ဆိုရင် မြေပဲပင်ပေါက် လတ်လတ်ဆတ်ဆတ်မွှေးမွှေလေးကလည်း မိုးရဲ့ သင်္ကေတပါဘဲ.....
  
ပဲညှောင့်ဖောက်မယ်
မိုးတွင်းမှာ ကျွန်မအမေဟာ အမြဲတမ်းပဲညှောင့်ဖောက်လေ့ရှိတယ်.....
ကျွန်မတို့အိမ်ရှေ့မှာ နွေရာသီမီးဘေးအန္တရာယ်ကာကွယ်ဖို့အတွက် သဲပုံအကြီးကြီးတစ်ပုံရှိတယ်.....
မိုးရွာတဲ့အခွသဲတွေဟာ စိုစွတ်စွတ်ပေါ့...အမေဟာ အဲဒီသဲပုံထဲမှာ ပဲမျိုးစုံကို အလှည့်ကျ အညှောင့်ဖောက်လေ့ရှိတယ်...မြေပဲ..ပဲနီပြားကြီး(ထောပတ်ပဲ).. ပဲနီလုံးလေး (ပဲကတ္တီပါ).. ပဲအဖြူပြားကြီး..ပဲအဖြူလုံး..စားတော်ပဲ..ကုလားပဲ..စသဖြင့်ပေါ့..... ပဲအခြောက်တွေကို သဲပုံစိုစိုထဲမှာ ဖွထည့်ပြီး ဂုန်နီအိတ်များနဲ့အုတ်ပြီး မိုးထဲမှာ ထားလိုက်တယ်.....
နှစ်ရက် သုံးရက်လောက် ကြာတဲ့အခါ ဂုန်နီအိတ်ကိုဖွင့် သဲပြင်ကို ဖွကြည့်တဲ့အခါ ပဲလေးတွေကပွပြီး အညှောင့်လေးတွေထွက်လာတာကိုတွေ့ရတယ်....အဲဒီထဲက ပဲညှောင့်မပေါက်သေးတဲ့ ပဲတွေကို သဲထဲပြန်အုတ်ထားပေါ့...ပဲညှောင့်ပေါက်နေပြီဖြစ်တဲ့ ပဲတွေဟာ ချက်စား ပြုတ်စားဖို့ အဆင်သင့် ဖြစ်ပြီပေါ့...ဒီလိုနည်းနဲ့ ပဲအခြောက်ကနေ ပဲအစိုပြုလုပ်ပြီး စားကြတာပေါ့... 
အမေနဲ့ အတူတူ သဲတွေထဲ လက်ထိုးပြီး ပဲအညှောင့်ရှာခဲ့ကြတာတွေကိုလည်း သတိရနေပါတယ်.....

မိုးညတေးသံ
ညအခါများမှာတော့ အုံးအင် အုံးအင် ဖားအော်သံများကတော့ မိုးရာသီရဲ့ တေးသံသာများမှာဘဲ.....

မိုးအရသာ
နဲနဲ အသက်လေးကြီးလာတဲ့အခါမှာတော့ မိုးရေထဲမှာ ဆော့ကစားရတာထက် ပိုကြိုက်တာကတော့ မိုးအေးအေးမှာ စောင်ခြုံထဲကွေးပြီး ၀တ္ထုစာအုပ်ဖတ်ရတဲ့အရသာကပါဘဲ.....
အံမယ် ကော်ဖီလေးတစ်ခွက်လောက်သောက်လိုက်ရလို့ကတော့ တော်တော် အရသာရှိအုံးမယ်.....

ဒီလိုပါဘဲ  မိုးနဲ့ပတ်သက်တဲ့ အမှတ်ရစရာလေးတွေကတော့ ဘ၀မှာ အများကြီးပါဘဲ.....
အခုအချိန်အထိလည်း
မိုးရွာရင် မိုးရေချိုးနေအုံးမှာပါဘဲ.......
(ဆန်းစနေ၀န်း)






Wednesday, June 27, 2012

ကျွန်မချစ်သော Scenery

ဒီချောင်းကူးတံတားလေးပေါ်က မြင်ရတဲ့ Scenery လေးကို  အရမ်းသဘောကျတယ်.....
ဒီတံတားလေးပေါ်ရောက်တိုင်း ရရှိတဲ့ ခံစားမှုလေးနှင့် မြင်ကွင်းလေးကို ဘယ်တော့မှ မမေ့နိုင်ပါဘဲ.....

  • တံတားလေးအောက်မှာ ငြိမ်းချမ်းစွာစီးဆင်းနေတဲ့ ချောင်းရေပြင် သဲသောင်ပြင် ပန်းနှမ်းစိုက်ခင်းများ ရဲ့  ရောထွေးယှက်တင်နေတဲ့အလှ.....
  • ချောင်းလေးမှ မိခင် မြစ်မင်းဧရာဝတီ ရင်ခွင်သို့ တိုးဝင်လှုပ်ရှားနေတဲ့အလှ
  • ချောင်းရေပြင် အကွေ့အကောက်ကြားမှာ ပျော်ရွှင်မြူးတူးစွားဆော့ကစားနေကြတဲ့ ကလေးငယ်များရဲ့ သဘာဝအလှ
  • မနီးမဝေးမှာရှိနေတဲ့ ရေနံစင်ကြီးများနှင့် ရေနံပိုက်လိုင်းများရဲ့ လုပ်အားအလှ
  • အဝေးမလှမ်းမကမ်းက နဂါးပွတ်တောင်ရဲ့ စွဲမက်ဖွယ်အလှ
  • စက္ကိန်းတဲ စေတီမှ လွင့်ပျံ့လာတဲ့ ဆည်းလည်းသံချိုချို နှင့် ရွှေအိုရောင်စေတီအလှ
  • ဟိုးဘက်ကမ်းမှာ ၀ိုးတ၀ါးဖူးမြော်ရတဲ့ မြသလွန်စေတီတော်ရဲ့ ကြည်နူးဖွယ်အလှ
ဒီအလှတွေကြားမှာ တခဏတာ မှင်သက်ရှိက်မောမိတာကတော့ အမှန်ပါဘဲ.....

ဒီနေရာလေးကတော့ မကွေးမှ မင်းဘူးသို့ အသွား မြို့အ၀င် ဆားပွတ်ချောင်းလေးကို ဖြတ်ကူးထားတဲ့ တံတားလေးပါဘဲ....
(ဆန်းစနေ၀န်း)


Thursday, June 21, 2012

ချောင်းကလေး

ချောင်းကလေး...
ရုံးအသွားအပြန်တိုင်းမှာ သည်ချောင်းကူးတံတားလေးပေါ်မှ ရုံးFerry အမြဲဖြတ်နေကြပါဘဲ.....
အသွားမှာ သည်ချောင်းလေးကို သတိမထားမိပေမယ့် အိမ်ပြန်ချိန်တိုင်း သည်ချောင်းလေးကို အမြဲသတိထားမိတယ်.....
ကြည့်ရတာ အရမ်းစိတ်ချမ်းမြေ့ဖို့ကောင်းတယ်.....
ချောင်းလေးက လျှိုမြောင် တောင်ကုန်းတွေကြား ကွေ့ဝိုက်စီးဆင်းနေတာ.....
ချောင်းလေးရဲ့ ကမ်းနံဘေးမှာ ရာသီအလိုက်သီးပင် စားပင်လေးတွေကို စနစ်တကျ အကွက်ဖော် စင်လေးတွေထိုးပြီး စိုက်ပျိုးထားတယ်.....
ပြီးတော့ စိုက်ခင်းတွေရဲ့ အကြားမှာတော့ တဲအိမ်လေးတစ်လုံးလည်းရှိတယ်.....
ညနေရုံးဆင်းချိန်တိုင်း ကားပေါ်မှ လှမ်းမျှော်ကြည့်လိုက်လျင် စိုက်ခင်းမှ လူတချို့ဟာ သီးပင်စားပင်များ အကြား ရေလောင်း ပေါင်းသင်  မြက်နှုတ်နေကြတဲ့ မြင်ကွင်းလေးကလည်း စိတ်ကြည်နူးစရာပါ.....
သူတို့ဘ၀လေး ကြည့်ရတာ အရမ်းကို အေးချမ်းလိုက်တာ.....
ဘ၀အပူအပင်တွေ ကင်းပြီး  အေးချမ်းရောင့်ရဲတဲ့ ဘ၀လေးတွေပါ.....
စက္ကန့်ပိုင်းလောက်သာ ဒီချောင်းကူးတံတားလေးပေါ်က ဖြတ်သွားရပေမယ့် ဒီမြင်ကွင်းလေးကပေးတဲ့ စိတ်ကြည်နူးချမ်းမြေ့မှုကတော့ မမေ့နိုင်စရာပါ.....
သည်ချောင်းကလေးကတော့ ငလိုက်ချောင်း လေးပါဘဲ.....
(ဆန်းစနေ၀န်း)

လှပတဲ့ ကဗျာလေးတစ်ပုဒ်


တစ်ချိန်တုန်းကပေါ့.....

ပေါ့ပါးလွတ်လပ်ခဲ့တယ်.....
အားမာန်တွေ အပြည့်ရှိခဲ့တယ်.....
အရမ်း လန်းဆန်းတက်ကြွခဲ့တယ်.....
ယုံကြည်မှုတွေ အပြည့်ရှိနေခဲ့တယ်.....
ဘ၀တစ်ခုလုံး သူတို့အတွက် အရာရာ ပေးဆပ်ခဲ့တယ်.....
ဦးနှောက်ထဲမှာ သူတို့ကို ဘယ်လို သင်ကြားပြသရမလဲ အမြဲစဉ်းစားနေခဲ့တယ်.....

ကျွန်မက သူတို့တွေကို သံယောဇဉ်ရှိသလို သူတို့အားလုံးကလည်း ကျွန်မကိုချစ်တယ်....
သူတို့ရဲ့ အသိုက်အမြုံလေးထဲမှာဘဲ ပျော်မွေ့နေခဲ့တယ်.....
ကျွန်မ...အဲဒီဘ၀လေးကို အရမ်းမြတ်နိုးခဲ့တယ်.....
အညတရ ကျောက်ရိုင်းတုံးလေးတွေကို လှပသန့်စင် အရည်အသွေးရှိတဲ့ ရတနာလေးတွေဖြစ်အောင် ဖန်တီး အသက်သွင်းခဲ့တယ်....
တန်ဖိုးရှိတဲ့ ရတနာလေးတွေအဖြစ် ပွဲလယ်တင့်နေကြပါပြီ.....
တကယ်ပါဘဲ.....

လှပတဲ့ ကဗျာလေးတစ်ပုဒ်ကို သီဖွဲ့ခဲ့ပါတယ်.....
(ဆန်းစနေ၀န်း)

Wednesday, June 20, 2012

The 67th Birthday

June 19, 2012
Happy Birthday ....A May Suu!
We always love, respect, admire, value, honor to your nobility!
May you acquire all the best from the 67th Happy Birthday!
(ဆန်းစနေ၀န်း)

Tuesday, June 19, 2012

လွမ်းမိတယ်...ရွာကျောင်းက ခေါင်းလောင်းသံ

"ရွာကျောင်းကို...ပြေးမြင်မိတယ်...သတိရနေတယ်..သူငယ်ချင်းရေ....."

 ဒီနေ့မနက် ပျင်းပျင်းရှိတာနဲ့ YouTube ဖွင့်ပြီး သီချင်းတွေနားထောင်မိတယ်.....
အမှတ်မထင်..တွံတေးသိန်းတန်ရဲ့ အသီးတစ်ရာ အညှာတစ်ခု သီချင်းလေးကို နားထောင်မိတာနဲ့ စိတ်တွေဟာ ဟိုးအရင် (၂၅)နှစ်ကျော်ကာလကတက်ခဲ့ရတဲ့ ကျွန်မတို့တက်ခဲ့တဲ့ မူလတန်းကျောင်းလေးနှင့် ကျောင်းတက်ဖော်သူငယ်ချင်းတွေဆီ  ပျံ့လွင့်လို့သွားတယ်.....

အိမ်မှကျောင်းသို့ .....
ကျွန်မတို့မြို့ငယ်လေးမှာ...မူလတန်းကျောင်း(၄)ခုရှိတဲ့အထဲက ကျွန်မတို့ရဲ့ကျောင်းလေးက အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းပေါ့.....
ကျွန်မတို့မြို့လေးရဲ့ ခေါင်းရင်း မြို့ အရှေ့ပိုင်း.....ကျွန်မတို့ရပ်ကွက်ရဲ့   အရှေ့ပိုင်းမှာရှိတယ်.....
ကျွန်မတို့အိမ်မှဆိုရင်တော့ လူနေအိမ်များ (ဦးလှမောင်အိမ်..ဒေါ်ခင်ရီအိမ်..မဥမ္မာတို့ အိမ်...စသဖြင့်ပေါ့) ...ရုံများ (တရားရုံး..မြို့နယ်မှူးနေအိမ်).. ဘုရားများ(ရပ်သာဘုရား..ဘုရားသုံးဆူ နှင့် တ၀ဂူဘုရား)...ဘုန်းကြီးကျောင်းများ(ဆင်ရှင်ကျောင်းနှင့် စံပယ်ရုံကျောင်း) များဘေးမှ ဖြတ်ပြီး (၁၀)မိနစ်လောက် လမ်းလျှောက်ပြီးသွားရင် ကျောင်းကို ရောက်ပြီပေါ့.....
တစ်လမ်းထဲအတူနေသူငယ်ချင်းများဖြစ်တဲ့ မိသက်..ကြူကြူ..မိကေ...အေးမိစံတို့နှင့် ကျောင်းလမ်း
တလျှောက် လမ်းလျှောက်သွားခဲ့ကြတာကိုလည်း အမှတ်ရနေဆဲပါ.....
မြို့အရှေ့ပိုင်းမှ အမက(၁)ကျောင်း
Google Map မှ ကူးယူဖြော်ပပါသည်။
ကျောင်းရဲ့ ဖွဲ့စည်းပုံ.....
ကျွန်မတို့ငယ်ငယ်က ကျောင်းလေးဟာ ခြေတန်ရှည် အုတ်ဖိနပ်ခံ သစ်သားကျောင်း အမျိုးအစားဖြစ်တယ်......
ကျောင်းပန္နက်ပုံကတော့ အင်္ဂလိပ်အက္ခရာ အယ်လ် (L Shape)ပုံသဏ္ဍန်ရှိပါတယ်.....
ကျွန်မတို့အခေါ် ကကြီးတန်း(သူငယ်တန်းလေး)..သူငယ်တန်းကြီး..ပထမတန်း.. ဒုတိယတန်း..တတိယန်း..စတုတ္ထန်းဆိုပြီး အတန်း(၆)တန်းစာအတွက် လိုအပ်တဲ့အခန်းများ ဖွဲ့စည်းထားပါတယ်...ကျောင်းအုပ်ကြီးရုံးခန်းနှင့် အစည်းအဝေးခန်းက တောင်ဘက် အစွန်မှာရှိသလို တတိယတန်းအခန်းက အခြားအစွန်ဘက်မှာရှိပါတယ်....ကျောင်းပေါ်တက်ရန် လှေကား (၃)စင်း ပါရှိတယ်..... အခန်းတစ်ခန်းနှင့် တစ်ခန်းအကြားက Light Partition နဲ့ ခြားထားတဲ့ အတွက် အခမ်းအနားများကျင်းပတဲ့အခါ ခန်းမကျယ်အနေနဲ့ သုံးနိုင်တယ်.....
အခုအချိန်မှာတော့ ကျောင်းကို upgrade လုပ်ထားတာလို့ ကျွန်မတို့ ငယ်ငယ်က ကျောင်းဖွဲ့စည်းပုံနဲ့ သိပ်မတူတော့ပါဘူးထင်ပါတယ်.....

ကျောင်းနှင့်ပတ်ဝန်းကျင်
ကျောင်းရဲ့ အရှေ့ဘက်မှာ သီးနှံစိုက်ခင်းများနှင့် ဟို အဝေး မလှမ်းမကမ်းမှာတော့ မြစ်ကြီးဧရာဝတီ ကို လှမ်းမျှော်တွေ့နိုင်ပါတယ်.....
ကျောင်းမတက်ခင် အချိန်များမှာ ဆရာဆရာမများ မသိစေရန် အရှေ့ဘက် စိုက်ခင်းတွေဆီ
လျှောက်သွားကြတာကိုလည်း အမှတ်ရပါသေးတယ်.....
ဝါဆိုဝါခေါင်မြစ်ရေတက်တဲ့အချိန်မှာဆိုရင်တော့ ကျောင်းအရှေ့ဘက် စိုက်ခင်းကွင်းပြင်တပြင်လုံးဟာ
မြစ်ရေများနှင့် ဖုံးလွှမ်းပြီးတော့ ကျွန်မတို့ ကျောင်းဝန်းလေးအထိ မြစ်ရေတွေတက်ပါတယ်.....
အဲဒီအခါမှာ ရေစပ်မှနေပြီး ကျောင်းလှေခါးထစ်များရောက်သည်အထိ လှေကလေးစီးပြီး သွားရတာကလည်း မမေ့နိုင်စရာပါဘဲ.....

ကျောင်းပတ်ဝန်းကျင်မှာ အရိပ်ရအပင်များဖြစ်တဲ့ ကုက္ကိုယ်..မကျီး..တလုန်မကျီး..တမာပင်များ က ကျောင်းဝန်းအတွင်း အေးမြမှုဖြစ်စေပါတယ်.....
ကျောင်းနဲ့ကပ်လျက် လှည်းလမ်းရဲ့ အနောက်ဘက်မှာတော့  စံပယ်ရုံ ဘုန်းကြီးကျောင်းရှိပါတယ်.. အဲဒီဘုန်းကြီးကျောင်းထဲက သစ်တောထဲမှာ သရဲရှိတယ်ဆိုပြီး အရမ်းကြောက်လို့ မသွားရဲကြဘူး.....
ကျောင်းရဲ့ အရှေ့ဘက်ယွန်းယွန်း စိုက်ခင်းများအစပ်မှာတော့ ရေချိုတွင်း ၅ တွင်းလောက်ရှိတယ်..... (ရှေးလူကြီးများက မြို့ ရွာတွေရဲ့ ခေါင်းရင်းမှာ ရေတွင်းတွေတူးပြီး လှူဒါန်းခဲ့တဲ့ အလေ့အထရှိခဲ့တယ်)
ကျွန်မတို့ငယ်ငယ်က အိမ်တွေမှာအခုခေတ်လို ရေတွင်း(အ၀ီစိတွင်း)တွေ ပေါပေါများများ မရှိသေးဘူး... အဲဒီတော့ ချိုးရေ သောက်ရေ သုံးရေ အတွက် ရေတွင်းတွေမှာ လာပြီးချိုးရ ခပ်ရတယ်.....
ကျောင်းမြောက်ဘက်ကပ်လျက် လှည်းလမ်းကြောင်းတော့ သဲတွေပြည့်နေတော့ ကျွန်မတို့ ကစားစရာနေရာတစ်ခုပါဘဲ....လှည်းလမ်းကြောင်းတလျှောက်သဲပြင်မှာ အိမ်ဆောက်တမ်း...စိန်ပြေးတမ်း..စသဖြင့် ကစားကြတာပေါ့.....
ကျောင်းရဲ့ မြောက်ဘက်ပိုင်းကတော့ လူနေရပ်ကွက် ရှိတယ်....
ပြီးတော့ မြို့နယ်ဆောက်လုပ်ရေးရုံးရှိတယ်...အဲဒီရုံးကိုတော့ ကျွန်မတို့ သူငယ်ချင်း ခင်ဇာဇာကို ရှိတော့ အလည် ခဏခဏ ရောက်တယ်...သူ့အဖေက အင်ဂျင်နီယာ... သူတို့မိသားစုကအရမ်းဖ်ာရွေတော့ ကျောင်းနားချိန်များမှာ ကျွန်မတို့ စားအိမ်သောက်အိမ်ပေါ့.... သူ့အဖေကို ကြည့်ပြီး..ငယ်ငယ်က အင်ဂျင်နီယာ အရမ်းဖြစ်ချင်ခဲ့တာပေါ့.....

ကျွန်မ၏ ဆရာဆရာများ
ကျွန်မငယ်ငယ်ကျောင်းတက်စဉ် ဆရာဆရာမများကတော့ ကျွန်မတို့အပေါ် သားသမီးလို ကြင်နာနွေးထွေးပြီး သင်ကြားလမ်းညွှန်မှုပေးခဲ့သူများဖြစ်ပါတယ်.....
ကျွန်မတို့ မူလတန်းနေစဉ်တလျှောက် ကျောင်းအုပ်ဆရာကြီးကတော့ ဆရာကြီး ဦးအုန်းမောင်ဖြစ်ပါတယ်.....ဆရာကြီး အခုချိန်ထိတိုင် ကျန်းကျန်းမာမာရှိနေဆဲလို့ သိရပါတယ်.....
ဆရာမသန်းသန်းကတော့ ကျွန်မတို့ရဲ့ လက်ဦးဆရာပါ...ကျောင်းစတက်တက်ချင်း ကကြီးတန်းမှာ သင်ရပါတယ်....ဆရာမရဲ့ မေတ္တာသံအပြည့်နဲ့ ကကြီး ခခွေးသင်ပြမှုတွေဟာ ကျွန်မတို့အတွက် ဘ၀ထဲကို လှမ်းဝင်နိုင်ဖို့အတွက် လှေကားထစ်တွေပါဘဲ.....
ဆရာမ ဒေါ်မိမိကြီးက ကျွန်မတို့ သူငယ်တန်းမှာသင်ရတယ်.....ဆရာမရဲ့ အသံကအေးချမ်းတည်ငြိမ်တယ်...မနက်ပိုင်းနိုင်ငံတော်အလံ အလေးပြုတဲ့အခါ နိုင်ငံတော်သီချင်းသီဆိုတဲ့ ဆရာမရဲ့ အသံကို အခုအချိန်အထိ ကြားယောင်မိပါသေးတယ်.....
ဆရာ ဦးကျော်ဆွေကတော့ ကျွန်မတို့ ၂ တန်းကစပြီး ၃ တန်း ၄တန်းတလျှောက်လုံး ကျွန်မတို့ကို စာသင်ခဲ့တဲ့ ကျွန်မတို့အတန်းရဲ့ Family Teacher ပေါ့.....ပြီးတော့ ဆရာ ဦးမင်းစိန်လည်း အမှတ်ရပါသေးတယ်.....ပုပုသေးသေး ဆရာမ နီနီလေးကိုလည်း သတိရပါသေးတယ်.....
ဆရာမဂျပန် ဆရာမ ခင်မြတ်သင်း ဆရာမသင်းသင်းဦး ဆရာမအောင်မေမြင့်တို့ရဲ့ သင်ပြလမ်းညွန်မှုတွေကိုလည်း ယနေ့အထိ မမေ့နိုင်သေးပါ.....



ကျွန်မနှင့် သူငယ်ချင်းများ
မှတ်မိပါသေးတယ်...ငယ်ငယ်ကကျောင်းမတက်ခင်အချိန်နှင့် မုန့်စားကျောင်းဆင်းချိန်တွေမှာဆိုရင် သူငယ်ချင်းများနှင့်အတူ ကုက္ကိုယ်ပင်ခြေရင်းမှာပြေးလွှားဆော့ကစားရတာအမောပါဘဲ.....
ကျောင်းအောက်ဖက်က သစ်သားတိုင်တွေကြားမှာ ဘုတ်တိုင်ဦးတန်း...ထုပ်စီးတိုးတမ်း...ရီထိုးတမ်း... ကစားခဲ့ကြတာတွေလည်း ပြေးပြီးမြင်ရောင်မိသေးတယ်.....
အတန်းထဲမှာ အတန်းခေါင်းဆောင်များလို ဖြစ်နေတဲ့ မိလင်း နှင့် ခင်ဇာဇာကို တို့ က ကစားတိုင်းအမြဲတမ်းအဖွဲ့ခေါင်းဆောင်လုပ်ကြတယ်.....
ကျွန်မငယ်ငယ်က အရပ်ကလည်း ပုတပ်တပ် လူကလည်း ညှပ်စိဆိုတော့ အမြဲတမ်း နောက်လိုက်ပေါ့
မှတ်မိသေးတယ် လေးတန်းတုန်းက ကျောင်းထုတ်စီးတိုးပြိုင်ပွဲမှာ သတ်မှတ်ထားတဲ့အရပ်မမှီလို့ ပွဲထဲမှာ မပါခဲ့ရဘူးလေ.....
အရပ်ပုလို့ ကောင်းတာ တစ်ခု ကတော့ အတန်းထဲမှာ အမြဲရှေးဆုံးခုံတန်းက ထိုင်ရခြင်းပါဘဲ......
ဒါပေမယ့် ကျွန်မ ကရှေ့ဆုံးတန်းမှာ ဘယ်တော့မှ မထိုင်ဘဲ ကျွန်မသူငယ်ချင်းများ..မိလင်း ..အိကျော့..ခင်ဇာဇာကိုတို့နှင့် အတူ ဒုတိယခုံ သို့မဟုတ် တတိယခုံမှာဘဲ အမြဲထိုင်လေ့ရှိတယ်...

တခါတရံမှာတော့  ပုံပြောကောင်းတဲ့ ခရစ်ယာန်သူငယ်ချင်းများဖြစ်တဲ့ မိသူ..မိလင်းတို့က ပုံပြောတာကို ပြတင်းပေါက်သစ်သားတန်းများအကြားမှာ ခြေတွဲလောင်းချရင်း နားထောင်ခဲ့ရတာကိုလည်း သတိရနေတယ်ဟာ.....
ပြီးတော့ ကျွန်မနဲ့ အိမ်နီးနားချင်း ကျောင်းနေဖက်သူငယ်ချင်းများဖြစ်တဲ့ ၀င်းဖြိုးအောင် နှင့် ကျော်ဖြိုးသန့် တို့နှင့် စာအတူတူပြိုင်ပြီးကျက်ခဲ့တာတွေကလည်း အမှတ်ရစရာပါ.....


ကျွန်မတို့ကျောင်းက မုန့်ဈေးသည်
ကျောင်းရှေ့ အ၀င် ညောင်ပင်ရိပ်မှာ အမြဲရောင်းနေကြဖြစ်တဲ့ ဒေါ်ညိုရဲ့ ဇီးယို(ဇီးချင်သီးကို ထန်းလျက်နဲ့ ယိုထိုးထားတာ)..တို့ဟူးပြား (၁လက်မခွဲ ပတ်လည်အရွယ် တို့ဟူးပြားပါးပါလေးတွေကို ဆနွင်းမှုန့်ဆီချက်နဲ့ ဆမ်းထားတာ)..ညောင်စေးတုတ်ထိုး (စေးကပ်အောင် ကြိုထားတဲ့ ညောင်စေးကို တုတ်ချောင်းလေးမှာ ရစ်ပြီးထားတာ)  တွေကိုလည်း စားချင်မိသေးတယ်...
ပြီးတော့ နေကြာစေ့ ဇီးပေါင်းမရမ်းပေါင်းအစုံရောင်းတဲ့ မအေးချို မအေးစမ်း ညီအစ်မနှစ်ယောက်ရဲ့ မုန့်ဆိုင်ရောပေါ့....မအေးချိုရဲ့ (၁၅)ပြားတန် မုန့်ဟင်းခါးက ငယ်ဘ၀ရဲ့ မမေ့နိုင်တဲ့ အစားအစာတစ်ခုပါဘဲ..
တခါတရံ တောဖက်ကလာရောင်းတဲ့ တစ်ခု (၅)ပြားတန် မုန့်လေပွေကလည်း ကျွန်မတို့ အကြိုက်ဘဲပေါ့....


ကျွန်မရဲ့ ကကြီးတန်းအမှတ်တရ
တကယ့်ကို မှတ်မှတ်ရရတစ်ခုပါ.....
အဲဒါကတော့ ကျွန်မငယ်ငယ်ကျောင်းစတက်ရတဲ့ အချိန်မှာ ကျောင်းမတက်ချင်တာပါဘဲ.....
အစ်ကိုတွေ အစ်မတွေနဲ့လည်း အသက်ကွာတော့ သူတို့ အထက်တန်းကျောင်းမှာတက်နေရတော့ ကျောင်းမတူဘူးလေ.....
အမေနဲ့ တခါမှ မခွဲဖူးတော့ ကျောင်းတက်ရတာကို မပျော်ခဲ့ဘူး....
အဲဒါကြောင့် အမေက ကျွန်မနဲ့ အတူတူ ၃ လ လောက် ကျောင်းလိုက်တက်ပေးရတာပါဘဲ.....
စာသင်နေချိန် မှာ ဆရာမ စာသင်တာကိုလည်း နားထောင်ရင်း ကျောင်းပြတင်းပေါက်ကနေ ကုက္ကိုလ်ပင်ရိပ်အောက်မှာ ထိုင်စောင့်နေတဲ့ အမေ့ကို လှမ်းမျှော်ကြည့်ရတာ အမောဘဲ... အမေ့ကိုကြည့်လိုက် ဆရာမရဲ့ စာကို လိုက်ဆိုလိုက်နဲ့ပေါ့.....ကကြီးတန်းသင်တဲ့ ဆရာမကြီးသန်းသန်းက သဘောလည်းကောင်းတယ်...စာသင်လည်းကောင်းတယ်...မုန့်ဖိုးတွေပေးတယ်လေ...တကယ်တော့ အမေက ကျောင်းပျော်စေရန် ကျွန်မအတွက် မုန့်ဖိုးတွေကို ဆရာမကြီးထံပေးထားတာပါ..ဒါကို ဆရာမက မုန်းဖိုးတွေပေးတယ်ပြီး ၀မ်းပမ်းတသာနဲ့ အိမ်ရောက်ရင်ပြန်ပြောပြရတာ.....
ဒီလိုနဲ့ သူငယ်ချင်းလေးတွေရလာတဲ့ အခါ တဖြည်းဖြည်းနဲ့ ကျောင်းပျော်လာပါတယ်..... စာဖတ်ရတာလည်းပျော်လာတယ်လေ.....နောက်ပိုင်းမှာတော့ ကျောင်းပျော်တာ မပြောပါနဲ့တော့...
မိုးတွေအရမ်းရွာလို့ ကျောင်းတက်မဲ့သူမရှိတောင် ကျွန်မကတော့ အတန်းထဲမှာကျောင်းစာတွေဖတ်ရင်း နဲ့ ပျော်နေခဲ့တာ.....ငယ်ငယ်ကကျောင်းတက်ပျင်းခဲ့တဲ့ ကျောင်းမပျော်ခဲ့တဲ့ ကျွန်မကို လောကအလယ်မှာ တင့်တင့်တယ်တယ်ရပ်တည်နိုင်စေရန် အစပျိုးပေးခဲ့တဲ့ အမိကျောင်းတော်ကြီးနှင့် ဆရာဆရာမများရဲ့ ကျေးဇူးအနန္တကို အမြဲ အောက်မေ့လျက်ပါ......

အိုး.....ငယ်ငယ်ကလေးဘ၀ကအကြောင်းကို  တကယ်လွမ်းမိပါတယ်....သူငယ်ချင်းတို့ရေ......
အခုဆိုရင် တို့တတွေဟာ လောကြီးထဲမှာ ပုံစံအမျိုးမျိုးနှင့် ရှင်သန်နေထိုင်ရင်းနဲ့ပေါ့....
တချို့တွေက ဆရာဝန်တွေ အင်ဂျင်နီယာတွေ ဆရာမတွေ အဖြစ် တိုင်းပြည်တာဝန် ထမ်းဆောင်ရင်းနဲ့ပေါ့.....
တချို့ တွေကတော့ မြို့လေးမှာ ပွဲရုံလုပ်ငန်းများနှင့် ဖြစ်စေ...ဈေးရောင်းရင်း ဖြစ်စေ
တောင်သူလယ်ယာအလုပ်များလုပ်ရင်းဖြစ်စေ ဘ၀အတွက် ရုန်းကန်လှုပ်ရှားရင်းနဲ့ပေါ့.....
အသီးတစ်ရာ အညှာ တစ်ခုဆိုတဲ့ တကယ်မှန်တယ်.....ကျောင်းတော်ကြီးဆိုတဲ့ အညှာတစ်ခုကနေ အသီးများစွာကို မွေးဖွားရှင်သန်လို့ပေါ့.....
တနေ့နေ့တချိန်ချိန်မှာ တို့တွေ ပြန်ဆုံနိုင်ဖို့ ရည်ရွယ်ရင်း.......
အမက(၁)ရဲ့ ခေါင်းလောင်းသံချိုချိုလေးကို ပြန်လည်တမ်းတရင်း.......
(ဆန်းစနေ၀န်း)

Thursday, June 14, 2012

ကျန်းမာပါစေ ရခိုင်ပြည်

ရခိုင်ပြည်.........
ရှေးနှစ်ထောင်ပေါင်းများစွာကတည်းက.....

     "ဗုဒ္ဒသာသနာ ရောင်ဝါထွန်းလင်းခဲ့သောမြေ
     ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားခဲ့သောမြေ
     ဗိသုကာအမွေအနှစ်များစွာ ပိုင်ဆိုင်ခဲ့သောမြေ 
     သဘာဝ အလှအပများနှင့် လှပခဲ့သောမြေ 
     သစ်တောသစ်ပင် ထာဝစဉ် စိမ်းလန်းခဲ့သောမြေ
     မြစ်ချောင်း ပင်လယ်များနှင့် စီးဆင်းခဲ့သောမြေ
     ရိုးသားတဲ့ မြန်မာပြည်သား တိုင်းရင်းသားတို့မြေ 
     ဒါ.......တို့ ရခိုင်ပြည် "

ရခိုင်ပြည်ကြီး ဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံးကင်းဝေးပြီး တိုင်းရင်းသားသွေးချင်းတို့လည်း အေးချမ်းစွာ နေထိုင်နိုင်ပါစေကြောင်း ဆန္ဒပြုလျက်
(ဆန်းစနေ၀န်း)
    

Wednesday, June 13, 2012

ကျွန်မတို့ရဲ့ အဖေ

အဖေ.....
အဖေ့ကို သတိရလိုက်တာ
အဖေ့အိမ်ကို မပြန်ဖြစ်တာ တစ်နှစ်ကျော်သွားပြီ.....

အဖေ အခုအချိန်မှာ ဘာတွေလုပ်နေမလဲ.....
     အနောက်ဘက် အိမ်အောက်က ပက်လက်ကုလားထိုင်မှာ ထိုင်ပြီး စာဘဲဖတ်နေမလား.....
     အမေ နှင့်အတူ နေ့လည်နေ့ခင်း လက်ဖက်ရည်သောက်ရင်း စကားတွေပြောနေမလား.....
     အိမ်မှာ အတူနေမြေးလေးတွေရဲ့ တီတာာတာ စကားတွေကိုဘဲနားထောင်နေမလား.....
     မြေပဲတွေချဖို့အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေဘဲ လုပ်နေမလား.....
     ရပ်ကွက်ထဲက ဘော်ဒါ အပေါင်းအသင်းများနှင့် ရပ်ရေးရွာရေးတွေဘဲ ဆွေးနွေးနေမလား.....

အဖေဟာ ကျွန်မတို့မောင်နှမတွေရဲ့ ကောင်းကင်ကြီးပါဘဲ.....
     အဖေရှိရင် ကျွန်မတို့ဘ၀အတွက် လုံခြုံမှုပေးတယ်.....
     အဖေ့ရဲ့ မေတ္တာရိပ် ကျွန်မတို့အတွက် အေးချမ်းမှုပေးတယ်.....
     အဖေဟာ ကျွန်မတို့ ဖြစ်ချင်တဲ့ ဆန္ဒတွေကိုလည်း အမြဲ ဖြည့်ဆည်းပေးတယ်.....
     အဖေဟာ ကျွန်မတို့မောင်နှမတွေအပေါ် နားလည်မှုနဲ့ သည်းခံခွင့်လွှတ်ပေးတတ်တယ်.....
     အဖေဟာ ကျွန်မတို့ရဲ့ အားအင်တစ်ခု ပါဘဲ.....
     အဖေဟာ ကျွန်မတို့ရဲ့ လမ်းပြကြယ် အလင်းတန်းလေးတစ်ခုပါဘဲ.....
 
အဖေ..... "ချစ်ဇနီး သားသမီး  မြေးများနှင့်အတူ ဘ၀ကို  ငြိမ်းချမ်းပျာ်ရွင်စွာနှင့် ဖြတ်သန်းနိုင်ပါစေ"

(၂၀၁၂ ဇွန်လ ၁၇ ရက်နေ့ မှာ ကျရောက်မည့် အဖေများနေ့ (Third Sunday in June)) ကို ဂုဏ်ပြုကြိုဆိုလျက်.....
(ဆန်းစနေ၀န်း)

Wednesday, June 6, 2012

နေရာလေးတစ်ခု

ထိုနေရာလေး.....


အလုပ်ကိစ္စများနှင့် ဖြစ်စေ...
လူမှုရေးကိစ္စများနှင့် ဖြစ်စေ...
စီးပွားရေး ကိစ္စများနှင့် ဖြစ်စေ...
အိမ်ထောင်ရေးကိစ္စများနှင့် ဖြစ်စေ...
မိသားစုအရေးကိစ္စများနှင့် ဖြစ်စေ...

အိုး...စိတ်ရှုပ်ထွေးစရာကိစ္စများနှင့် ရင်ဆိုင်ရတဲ့အခါ.....
အဲဒီနေရာလေးကို အရောက်သွားပြီး စိတ်အပြောင်းအလဲဖြစ်အောင် အကြောင်းအရာတစ်ခုခုကို ဖန်တီးပုံဖော်လိုက်တယ်.....
အဲဒီအခါ ကိုယ့်စိတ်ဟာ ပြန်လည်လန်းဆန်းလာခဲ့တယ်.....

ထိုနေရာလေးက "sunsanaywon.blogspot.com"   လေးပါဘဲ.......
 

(ဆန်းစနေ၀န်း)

WED....June 5, 2012!

ဒီနေ့ World Environment Day....5.6.2012 !


" ရာသီစက်ဝန်း ညီညွတ်မျှတစေ
  နဒီအလှပဂေး စဉ်မနှေး စီးဆင်းစေ
  ပန်းမာန်သစ်ပင် ထာဝစဉ် ဖူးပွင့်စေ
  ရှားပါးတိရစ္ဆာန် ရှင်သန် ထိန်းသိမ်းစေ
  သာရကာငှက်ကျေး ဟစ်ကြွေးတွန်ကျူးစေ
  သစ်တောဥယျာဉ် အမြဲသာပင် စိမ်းလန်းစေ
  မိမိပတ်ဝန်းကျင် လှပအသွင် သန့်ရှင်းစေ
  အိုဘယ့် ကမ္ဘာမြေကြီး ရှုမငြီး တည်မြဲစေ "

   ......ရန် တစ်ထာင့်တစ်နေရာမှ ကူညီလိုက်ကြရအောင်.....
(ဆန်းစနေ၀န်း)

Monday, June 4, 2012

သူရဲ့ ပေးစာ

တစ်ချိန်တုန်းက သူပေးခဲ့တဲ့ကဗျာလေးတစ်ပုဒ်ပါ....

"ဖွင့်ဟပြောကြား
မောင့်နှုတ်ဖျားမှ
ချစ်စကားသည်
တစ်နှစ်ကြာအောင် တည်ခဲ့ပြီ....."

"ရာသီစက်ဝိုင်း
လှည့်ဝိုင်းပတ်လို့
မရပ်မနား
တစ်ပတ် သန္ဒေထားခဲ့ပြီ....."

"သို့ပါသော်ငြား
မောင့်ချစ်များက
မယွင်းမယိုင်
ယနေ့တိုင်မှ
ကာလတာရှည်
မဆုံးစေဟု
သည်းထက် အက္ခရာတင်ထားမည်....."

(ဆန်းစနေ၀န်း)


မိမိကိုယ်ကို ဝေဖန်ခြင်း

ပြင်ဆင်ရမည့်အချက်များ
၁။   အားနာတတ်ခြင်း (တချို့ကိစ္စရပ်များတွင် ကိုယ်ကမှန်ကန်နေသော်လည်း သူတပါးကို အားနာပြီး အလိုက်အထိုက်ပြောဆိုခြင်းဆက်ဆံခြင်း)
၂။   သတ္တိမရှိခြင်း  (တခါတလေ လူကြီးများနှင့်တွေ့ဆုံစကားပြောရန် သတ္တိကြောင်တတ်ခြင်း)
၃။   အပျင်းထူခြင်း  (တခါတရံ အပျင်းထူပြီး လုပ်ကိုင်ရမည့် အလုပ်များ ရွေ့ဆိုင်းခြင်း)
၎။   ဇွဲမရှိခြင်း (တချို့သောကိစ္စရပ်များတွင် ပြီးမြောက်အောင်မြင်နိုင်ခြေရှိပါလျက်နှင့် တပိုင်းတစဆက်မလုပ်ဘဲ ရပ်တန့်ထားခြင်း)
၅။  ပြတ်သားမှုမရှိခြင်း (အချို့ ပြတ်ပြတ်သာသားဆောင်ရွက်ရမည့်ကိစ္စရပ်များကို ပြတ်ပြတ်သာသား မဆောင်ရွက်ဘဲ တွေဝေစွာ အချိန်ဆွဲ ထားတတ်ခြင်း)
၆။   ..........
အထက်ပါအချက်များကြောင့် ဘ၀အတွက် အပိတ်အပင်အတားအဆီးများဖြစ်ပြီး အောင်မြင်မှုများ ရသင့်သလောက်မရှိဘဲ ဖြစ်နေပါသည်။
(ဆန်းစနေ၀န်း)