Monday, August 27, 2012

ကျွန်မချစ်သော Panorama

ဒီနေရာလေးကို ကျွန်မအကြိမ်ကြိမ်ဖြတ်သန်းခဲ့ဖူးပါတယ်.....ကျွန်မတို့မြို့ငယ်လေးမှ မန္တလေးမြို့ကို သွားတဲ့ အခါတိုင်းပေါ့.....ကျွန်မကားပေါ်မှာ ဘယ်လောက်ဘဲ အိပ်ငိုက်ပါလာပါစေ..... ဒီနေရာလေးကိုရောက်တိုင်း အမြဲတမ်းနိုးထပြီး ပတ်ဝန်းကျင်ရှုခင်းလေးတွေကို ခံစားတတ်တယ်.....ငယ်ငယ်ကတည်းက ဒီမြင်ကွင်းလေးတွေကို စွဲလန်းခဲ့ရတယ်.....အခုအချိန်ထိအမြတ်တနိုးတန်ဖိုးထားရဆဲပါဘဲ.....

သန်းရှင်းလတ်ဆတ်စွာ ပြေးဆော့လာတဲ့လေက စိတ်အစဉ်ကို ပေါ့ပါးလန်းဆန်းစေသလို
ငြိမ်းချမ်းတဲ့ အသွင်ဆောင်တဲ့ ပတ်ဝန်းကျင်တစ်ခုလုံးက အမြင်အာရုံကို ဖမ်းစားထားနိုင်ပြီး ကျေနပ်မှုအပြည့်ဖြစ်စေပါတယ်.....ဒီနေရာလေးကတော့ ဧရာအနောက်ဘက်ခြမ်း စစ်ကိုင်းဒေသနှင့်  အရှေ့ဘက်ခြမ်းက မန္တလေးဧရိယာကို ဆက်သွယ်ပေးထားတဲ့ ခန့်ငြားထည်ဝါလှတဲ့ အင်းဝတံတားလို့ခေါ်ကြတဲ့ စစ်ကိုင်းတံတားကြီးပါဘဲ.....ကျွန်မတို့မြိုံလေးမှ မန္တလေးမြို့သို့သွားလျင် စစ်ကိုင်းမြို့တွင်းကို ဖြတ်ပြီး တံတားကြီးပေါ်ရောက်ပြီဆိုတာနဲ့ ဒီပတ်ဝန်းကျင်ရှုခင်းလေးတွေကို ခံစားရမှာပါ

From 'Google'(Credit to Photographer)
  • စိမ်းညို့ညို့ သစ်ပင်တောတန်းတို့ဖြင့် အစဉ်ဖုံးလွှမ်းလှပပြီး သာသနာရောင်ဝါထွန်းကားလှတဲ့ စစ်ကိုင်းတောင်ရိုးတလျှောက်မှ ဆွမ်းဦးပုညရှင်ဘုရား ပတ္တမြားစေတီ ဥမင်သုံးဆယ် ဥမင်ကိုးဆယ်နှင့် များစွာသော ထုံးဖြူဖြူဖွေးဖွေးစေတီပုထိုးတွေ ဘုန်းကြီးကျောင်းတွေ 
  • ပြီးတော့ ကြည်ညိုဖွယ်ကောင်းတဲ့ ကောင်းမှုတော်စေတီတော်ကြီးနှင့် အေးချမ်းစွာ လှပနေတဲ့ စစ်ကိုင်းမြို့လေး
  • တံတားတစ်ဖက်ထိပ် ဘယ်ဘက်ခြမ်းမြစ်ကမ်းပါးယံအဆင့်ဆင့်မှာ စေတီတန်ဆောင်းအဆင့်ဆင့်နှင့် ပနံတင့်ကြည်နူးဖွယ်ကောင်းလှတဲ့ ရွှေကြက်ယက် နှင့် ရွှေကြက်ကျစေတီညီနောင်
  • ညာဘက်တံတားထိပ်မှာတော့ မြန်မာ့သမိုင်းဝင် သပြေတန်းခံတပ်
  • ပြီးတော့ မြစ်မင်းဧရာနှင့်  ဒုဌာဝတီလို့ ခေါ်တဲ့ မြစ်ငယ်မြစ်တို့ ပေါင်းဆုံရာမြစ်ဆုံ
  • မြစ်ဆုံရဲ့ ဟိုဘက်မှာတော့ ရှေးဟောင်းအင်းဝမြို့ဟောင်းနှင့် မှုန်ပြပြမြင်နိုင်တဲ့ နန်းမြင့်မျှော်စင်နှင့် မယ်နုအုတ်ကျောင်း
  • အဲဒီနောက် ခပ်လှမ်းလှမ်းမှာတော့ တစ်ချိန်က မင်းနေပြည်တော်ဖြစ်ခဲ့တဲ့ ရွှေမန္တလေးမြို့ နှင့် အမရပူရမြို့
  • တဖန် မိခင်ဧရာဝတီရဲ့ အထက်ကို ဆန်ပြီးမှန်းဆကြည့်ရင်တော့ တရေးရေးမြင်နိုင်တဲ့ မင်ကွန်းမြို့ဟောင်းနှင့်အတူ သမိုင်းဝင်ခေါင်းလောင်းကြီး ပုထိုးတော်ကြီး နှင့် မြသိန်းတန်စေတီ
  • ပြီးတော့ မြန်မာအင်ဂျင်နီယာတွေရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ ရတနာပုံတံတား(မန္တလေး)
  • တံတားကြီးနှစ်စင်းရဲ့အောက်ဖက်မှာတော့  ငြိမ်းချမ်းစွာ စီးဆင်းနေတဲ့ မြစ်မင်း ဧရာဝတီ
  • ဧရာရင်ခွင်အတွင်းမှာ အားမာန်အပြည့်နှင့် လှုပ်ရှားနေတဲ့ သစ်ဖောင် ၀ါးဖောင် လှေ စက်လှေ သင်္ဘောတွေ
  • သဲသောင်ဖွေးဖွေးနှင့် သောင်ကမ်းစပ်မှာ ရေချိုးဆင်းသူများ
  • မြစ်ပြင်ကို ဖြတ်ပြီးတိုက်ခတ်လာတဲ့ လေပြေအေးအေးလေးတွေ
  • စေတီပုထိုးတို့ဆီမှ လှုပ်ခတ်လွှင့်ပျံ့လာတဲ့ ဆည်းလည်းခတ်သံလေးများ
ဝိုး....ဘယ်ပန်းချီဆရာမှ ရေးလို့မမှီနိုင်တဲ့ သဘာဝအလှပန်းချီကားလေးတစ်ချပ်ပါ....အရမ်းကို လှပ ကဗျာဆန်ပြီး ကြည်နူးစရာကောင်းတဲ့ ရှုမြော်ခင်းတွေပါဘဲ.....မြန်မာလူမျိုးဖြစ်ရခြင်းအတွက်လည်း  ကိုယ့်ကိုကိုယ်  ဂုဏ်ယူမိပါတယ်.....ခင်မင်ရတဲ့ မိတ်ဆွေတို့လည်း တစ်ခေါက်တစ်ခါ အရောက်လာပြီး ဒီမြင်ကွင်းလေးတွေကို ခံစားကြည့်စေချင်ပါတယ်.....
(ဆန်းစနေ၀န်း)
 


7 comments:

  1. Felice inizio settimana a te...ciao

    ReplyDelete
  2. ရောက်သွားသလိုခံစားမိတယ် ...
    အရမ်းသွားချင်တာပဲ အခွင့်ကြုံပါစေလို့ပဲဆန္ဒပြုရတော့မယ်..

    ReplyDelete
    Replies
    1. အရောက်သွားနိုင်ပါစေနော်...

      Delete
  3. အစ်မရေ အခုကောင်းမှုတော်စေတီတော်ကြီးကို ရွှေရောင်သုတ်လိုက်ပီနော်။

    ReplyDelete
  4. လွန်ခဲ့တဲ့ နှစ် ၂၀ကျော်က မန္တလေးမှာနေထိုင်ကြီးပြင်းခဲ့ဖူးတဲ့ အချိန်လေးတွေကို လွမ်းသွားတယ်။ အညာရှုခင်းတွေက ဘယ်တော့မှ မမေ့နိုင်စရာ..
    ပြန်လာလည်သွားပါတယ် ညီမရေ.. ကလေးငယ်လေးတစ်ဖက်နဲ့ ဘလော့ရေးနိုင်တာကို တကယ်ချီးကျူးမိတယ်။း)

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ် အစ်မရေ

      Delete