Friday, July 27, 2012
ရင်ထဲက ပုဂံ(၄)
ပုဂံရဲ့ ချစ်စရာ တေးသံလေးတွေပါ.....
လေအဝှေ့မှာ လွင့်ပျံ့နေတဲ့ ကြေးစည်လေးတွေ မောင်းလေးတွေ ခေါင်းလောင်းလေးတွေရဲ့ သီကျူးတေးဖွဲ့သံတွေပါ....
ထီးလိုမင်းလိုမင်းဘုရားရင်ပြင်မှ ဈေးသည်လေးတွေရဲ့ ဈေးရောင်းချတဲ့ အနုပညာလေးတွေပါ....
၂၀၁၀ စက်တင်ဘာလက အမှတ်တရ ရိုက်ချက်များပါ...
ပုဂံကို ပြန်လည်အမှတ်ရလွမ်းဆွတ်နိုင်ပါစေ.....
(ဆန်းစနေ၀န်း)
Thursday, July 19, 2012
လွမ်းနေပါအုံးမည်
အချိန်လေးတစ်ခု..... တဒင်္ဂပါဘဲ.....
ဒါပေမယ့် ရင်ထဲမှာ စွဲထင်နေစေမယ့် အမှတ်တရများစွာရှိခဲ့ဖူးတယ်.....
အဲဒီနေရာလေး အဲဒီအချိန်လေး နှင့် အဲဒီ အသိုက်အမြုံလေး
ဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူး.....
တစ်ချိန်က…
ခုံမင်ခဲ့ဖူးတယ်...မြတ်နိုးစွာခုံမင်ခဲ့ဖူးတယ်.....ဒီဘဝလေးကို
ချစ်စရာကောင်းသော တပည့်များနှင့်အတူ.....
ကျောင်းတော်ကြီးထဲက တစ်ထပ်စာသင်ဆောင်များဖြစ်တဲ့
အဆောင်(၃) ၊ (၅)၊ (၆)၊ (၈) နှင့် (၉) တို့မှာ ခြေရာတွေဖြန့်ကျက်ရင်း
ဗိသုကာပညာကို အစပျိုးပေးခဲ့ဖူးတယ်.....
သုံးထပ်ကျောင်းဆောင်ကြီးပေါ်က Drawing Rooms
Computer Room နှင့် Classrooms တွေထဲမှာ 
Lecturer တွေပေးရင်း...Discussionတွေလုပ်ရင်း 
Juryတွေထိုင်ရင်း Designတွေ ဝေဖန်ငြင်းခုံရင်း
Drawing တွေသင်ကြားရင်း
ဗိသုကာဆိုတဲ့ အလှပန်းလေးတွေကို လှပဖူးပွင့်စေခဲ့ဖူးတယ်.....
Design Projectတိုင်းမှာ ညပေါင်းများစွာ အိပ်ရေးပျက်ခံပြီး 
Drawing တွေနဲ့ နပန်းလုံးခဲ့ကြတဲ့ တပည့်တွေကို
စိတ်ဓာတ်ခွန်အားတွေအပြည့်ပေးခဲ့ဖူးတယ်..... 
ကျောင်း Activity ဖြစ်တဲ့ ကထိန်ပွဲတိုင်းမှာ
မေဂျာအလိုက် အပြိုင်အဆိုင်
ပဒေသာပင်တွေသီကြရင်း စတုဒီသာတွေကျွေးရင်း
ကောင်းမှုကုသိုလ်ဒါနတွေ ပြုလုပ်ခဲ့ကြဖူးတယ်.....
Fresher Welcome တိုင်းမှာလည်း မြိုင်မြိုင်ဆိုင်ဆိုင် 
အလှတွေပြိုင်ပြီး ရင်းနှီးပျော်ရွှင်မှုတွေ တိုးစေခဲ့ဖူးတယ်.....
စာမေးပွဲကြီးပြီးလို့ Field Study နှင့် Measure Drawing တွေ
ထွက်တဲ့အချိန်တိုင်းမှာလည်း ပျော်ရွှင်စွာ လေ့လာတိုင်းတာကြရင်း
စည်းလုံးခြင်းရဲ့ အင်အားကို သိစေခဲ့ဖူးတယ်.....
မြတ်နိုးတဲ့ ဒီဘဝ စေတနာအပြည့်အဝနှင့် ခုံမင်ခဲ့ပါတယ်.....
တစ်ချိန်က…
ပျော်ရွင်ခဲ့ဖူးတယ်...လွတ်လပ်စွာပျော်ရွင်ခဲ့ဖူးတယ်.....ဒီဘဝလေးကို
ခင်မင်စရာကောင်းသော သူငယ်ချင်း မိတ်ဆွေများနှင့်အတူ
တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမခဲ့ကြဖူးတယ်…..
ဆရာမအဆောင်ရှေ့က စိန်ပန်းပင်နီနီအောက်မှာ
ဆရာအဆောင်ရှေ့က ခြင်းကွင်းနံဘေးမှာ
ဝိုင်းဖွဲ့ကာ စခဲ့နောက်ခဲ့ကြဖူးတယ်.....
ကျောင်းကန်တင်းများဖြစ်တဲ့ မိုးမိုးဆိုင်က တမာရိပ်မှာ
ဦးစိုးဆိုင်က ထန်းလက်တဲရိပ်မှာ မုန့်ဆိုင်တန်းက ဗာဒံရိပ်မှာ
စကားရည်တွေလုခဲ့ကြဖူးတယ်.....
အနောက်ရွာက ကာရာအိုကေသီချင်းဆိုင်မှာ
သီချင်းတွေသီဆိုခဲ့ကြဖူးတယ်…..
လမ်းမထိပ် ဝတုတ်ဆိုင်က အကြော်နှင့် ပိစိရဲ့ လက်ဘက်ရည်ကို
တဝကြီးစားခဲ့ကြဖူးတယ်.....
ရွှေမင်းသမီးမှာ ခေါက်ဆွဲသုတ်တွေစားရင်း
ကံပြားအရှေ့ရွာရဲ့ သဘာဝတွေကို ငေးမောကြည့်ခဲ့ကြဖူးတယ်…..
ရွာသားကြီးရဲ့ မရိုးနိုင်သော လက်ဘက်ရည်ချိုချိုကိုသောက်ရင်း 
ပိုးအိစံနှင့် ဗညားဟန်တို့ သီချင်းတွေနဲ့ ပျော်မွေ့ခဲ့ကြဖူးတယ်.....
New Year ညတွေကို အဆောင်ရှေ့မြေကွက်လပ်မှာ
အစားအသောက်တွေ စုပေါင်းချက်ပြုတ်စားသောက်ကြရင်း
ကံစမ်းမဲတွေဖောက် gameတွေကစား သီချင်းတွေဆိုရင်း
ပေါ့ပါးစွာ ကျော်ဖြတ်ခဲ့ကြဖူးတယ်.....
သီတင်းကျွတ် တန်ဆောင်တိုင်ညတွေမှာ
အဆောင်ရှေ့က အုတ်ခုံတန်းမှာ ဖယောင်းတိုင်တွေ ထွန်းညှိကြရင်း
မီးပုံးလေးတွေ လွှတ်ခဲ့ကြဖူးတယ်.....
လွတ်လပ်တဲ့ ဒီဘဝ ရင်ထဲမှာ စစ်မှန်စွာနှင့် ပျော်ရွှင်ခဲ့ပါတယ်.....
တစ်ချိန်က…
သာယာခဲ့ဖူးတယ်... ကျေနပ်စွာသာယာခဲ့ဖူးတယ်...ဒီဘဝလေးကို
အဆောင်နေ အခန်းဖော်သူငယ်ချင်း ညီအစ်မများနှင့်အတူ
TVကလာတဲ့ Melody World သီချင်းပြိုင်ပွဲကို  ရင်ခုန်စွာ နားဆင်ရင်း
Puzzle Palace Program ကို စိတ်လှုပ်ရှားစွာ ကြည့်ရှုရင်း
အပန်းဖြေခဲ့ကြဖူးတယ်…..
မီးဖိုထဲမှာ ထမင်းဟင်းတွေ အတူချက်ပြုတ်ကြရင်း
စကားတွေ ဖောင်ဖွဲ့ခဲ့ကြဖူးတယ်.....
အခန်းရှေ့က  ယင်းမာပန်းရနံ့ကို ရှူရှိုက်ရင်း
နှစ်ခြိုက်စွာ အိပ်စက်ခဲ့ကြဖူးတယ်
အဆောင်နောက်ဖေးလယ်တောထဲက
ကျေးငှက်ကလေးတွေရဲ့ တေးသံသာကို နားဆင်ရင်း
သဘာဝအလှတွေကို နှစ်ခြိုက်ခဲ့ကြဖူးတယ်…..
ကံပြားရေကန်နံဘေးက ကျယ်ပြန့်တဲ့ မြက်ခင်းပြင်ပေါ်မှာ
အေးဆေးစွာထိုင်ကြရင်း ခံစားချက်တွေ ဖလှယ်ခဲ့ကြဖူးတယ်.....
အညာရဲ့ ထန်းပင်ပျိုရိပ်မှာ  ခိုလှုံရင်း
မွှေးပျံ့တဲ့ ထနောင်းရနံ့ကို ချစ်မြတ်နိုးခဲ့ဖူးတယ်…..
ကျေနပ်တဲ့ ဒီဘဝ ရောင့်ရဲ့စွာ သာယာခဲ့ဖူးတယ်.....
တစ်ချိန်က…
ရင်ခုန်ခဲ့ဖူးတယ်... ကြည်နူးစွာ ရင်ခုန်ခဲ့ဖူးတယ်.....ဒီဘဝလေးကို
နှလုံးသားပေး ချစ်ရတဲ့ ချစ်သူနှင့်အတူ
ဌာန Activity တွေကို စိတ်တူကိုယ်တူ ဦးဆောင်ရင်း
တက်ကြွစွာ ဆောင်ရွက်ခဲ့ကြဖူးတယ်.....
အဆောင်ရှေ့က လှေခါးထစ်တွေမှာ ကော်ဖီတစ်ခွက်ကို အတူသောက်ရင်း
လွတ်လပ်စွာ ရယ်မောခဲ့ကြဖူးတယ်.....
ကျောင်းဝန်းထဲက စိန်ပန်းပင်တန်း မြေနီလမ်းမှာ
ပျော်ရွင်စွာ အတူလျှောက်လှမ်းခဲ့ကြဖူးတယ်….. 
ကျောင်းအဝင်က ကျောက်စရစ်လမ်း  အတူဖြတ်သန်းရင်း
အနာဂတ်အရေး ဆွေးနွေးခဲ့ကြတယ်.....
ရွာထိပ်က တံတားအိုကိုဖြတ်ရင်း
ဘုရားငါးဆူမှာ ဖယောင်းတိုင်ဆီမီး  ကပ်လှူခဲ့ကြဖူးတယ်.....
မကွေးမြို့က ကမ်းနားလမ်းမှာ လေညင်းခံရင်း
မြစ်မင်းဧရာရဲ့ နေ၀င်ချိန်ဆည်းဆာအလှကို ခံစားခဲ့ကြဖူးတယ်.....
မြို့အစွန်က မြတ်စေတီ မြသလွန်ကို အတူဖူးမြော်ရင်း
ဆုထူးတွေ ပန်ခဲ့ကြဖူးတယ်.....
ကြိတ်ကြိတ်တိုးစည်းကားလှတဲ့ အညာရဲ့အစည်ကားဆုံး
သီတင်းကျွတ်ဘုရားပွဲတော်မှာ
တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ဈေးတန်းတွေကြားမှာ တိုးခဲ့ကြဖူးတယ်..... 
ပန်ထွာရာဇဝင် တည်ခဲ့ဖူးတဲ့
ဗိသာနိုးနယ်မြေမှာလည်း ခြေရာတွေဆန့်ရင်း
ရှေးဟောင်းဗဟုသုတတွေ ရှာမှီးခဲ့ကြဖူးတယ်.....
ဧရာဝတီရင်ပြင်ကို ဖြတ်ကျော်ရင်း 
တဖက်ကမ်းမင်းဘူးမြို့က နဂါးပွတ်တောင် စက္ကိန်းတဲနှင့် မမင်းဘူးစေတီ
မင်းလှမြို့က သမိုင်းဝင် မင်းလှခံတပ်
မလွန်ဘုရားပွဲတော် နှင့်
မန်းသံပရာကန်တို့မှာလည်း
ဒေသန္တရ ဗဟုသုတအတွက် အလည်အပတ်တွေ သွားခဲ့ကြဖူးတယ်.....
မုန်းချောင်းနံဘေးက ကျောင်းတော်ရာနှင့်
မန်းရေပြင်နံဘေးက စက်တော်ရာမှာလည်း အတူလက်တွဲရင်း
နိဗာန်ရည်ရွယ်ပြီး ဒါနတွေပြုခဲ့ကြဖူးတယ်.....
ကြည်နူးတဲ့ ဒီဘဝ လွမ်းမောစွာ ရင်ခုန်ခဲ့ဖူးတယ်.....
လွမ်းမောခဲ့ရတဲ့ အဲဒီနေရာလေး အဲဒီအချိန်လေး နှင့် အဲဒီ အသိုက်အမြုံလေးကို…
ထာဝရ လွမ်းနေပါအုံးမည်.....
 (ဆန်းစနေ၀န်း) 
Thursday, July 12, 2012
ဂျီးပေလေးများ
ဒီပုံလေးတွေကတော့ ကျွန်မတူမ ခင်ဂျီးပေလေးများဖြစ်ပါတယ်......
မြန်မာဆန်ဆန် စတိုင်ကျလှပနေသော တူမလေး မေခင်သန့်
တခါတရံဒီလို ပဲလေးတွေ ပေးတတ်သေးတယ်
အကလည်းတော်တော်ဝါသနာပါတယ်....သီချင်းသံကြားရရင်ဖြင့် ကွေးလို့သာကပါတော့တယ်
ဒီတစ်လုံးကို ကုန်အောင်စားအုံးမတဲ့
တခါတလေကျတော့ ဒီလို စတိုင်ထွားပြန်သေးတယ်
စာရေးစာဖတ်ရင်းနဲ့လည်း ပဲစိန်လုပ်သေးတယ်
တကယ့် ခင်ဂျီးပေလေးပါ...တူမငယ် ရွှေရည်မင်းသန့်
စာတွေလည်း ဖတ်ချင်ယောင်ဆောင်နေပါသေးတယ်
စာလည်းရေးအုံးမှာတဲ့
ပဲပေးနေသော ခင်ဂျီးပေလေးများ
ဒီလိုလေးတွေလည်း လှနေကြပြန်တယ်
ဘဘကိုလည်း ပလီပလာတွေနဲ့ချွဲနွဲ့တတ်သေးတယ်
ကျွန်မရဲ့ ချစ်စရာ ဂျီးပေလေးများဖြစ်ကြပါတယ်
လွန်ခဲ့သော (၂)နှစ်ကျော်က ရိုက်ထားသောဓာတ်ပုံများဖြစ်ပါတယ်......
အခုတော့ တူမအကြီးလေးက ခုနှစ်နှစ်ခွဲ...(၂)တန်းတက်နေပါပြီ.....
တူမအငယ်လေးက သုံးနှစ်ခွဲ မူကြိုတက်တော့မှာပါ.....
ငယ်ငယ်တုန်းကလောက်တော့ ဂျီးမပေတော့ဘူးထင်ပါရဲ့.....
မဆုံဖြစ်တာကြာပြီဖြစ်တဲ့ တူမလေးများကို လွမ်းဆွတ်လျက်.....
(ဆန်းစနေ၀န်း)
Wednesday, July 11, 2012
သူရဲ့လက်ရာ
ဇူလိုင်(၃)ရက်နေ့ကပေါ့.....
အဲဒီနေ့က သမီးလေး သိပ်ပြီးနေမကောင်းတာနဲ့ ကျွန်မရုံးက ခွင့်ယူတယ်.....
သမီးလေး ဖေဖေကလည်း အလုပ်အပြောင်းအလဲကြောင့် ရုံးမတက်ရသေးဘဲ အိမ်မှာရှိနေတာပေါ့.....
မိသားစု စုံစုံညီညီ အိမ်မှာရှိနေတာနဲ့ သမီးလေးဖေဖေက သူ မုန့်လုပ်ကျွေးမယ် ဆိုပြီး ပြောတယ်.....
သမီးလေးဖေဖေက အစားအသောက် အချက်အပြုတ်ကို ကျွန်မထက်ပိုပြီး စိတ်ဝင်စားတယ်.....
ကျွန်မကတော့ သာမန်အနေအထားလောက်ဘဲ ချက်တတ်ပြုတ်ပြီး သိပ်အဆန်းထွင်ပြီ ချက်ပြုတ်ဖို့ ၀ါသနာ မပါဘူးလေ....သူကတော့ အလုပ်အားရင် အားသလို စိတ်ရှည်ရှည်နဲ့ ချက်ပြုတ်တတ်တယ်....
အခုလည်း သူက မုန့်လုပ်မယ်ဆိုတော့ ကျွန်မက ဘာမုန့်လဲ ဆိုပြီး စိတ်ဝင်တစားနဲ့ပေါ့..... 
သူက ကြည့်နေ....ပြီးမှ ပြောမယ်ဆိုပြီး သူ့ရဲ့ မုန့်ဖုတ်တဲ့လုပ်ငန်းစဉ် စတင်တာပေါ့.....
ကောက်ညှင်းဆန်မုန့် နို့ဆီဗူး တ၀က်လောက် ရယ်
ကြက်ဥ ၁လုံး ရယ်
နို့ဆီအနည်းငယ်  
သကြားအနည်းငယ် 
ဆား အနည်းငယ်ရယ်ကို ရေနဲ့ သမအောင်ရောနယ်တာပေါ့.....
(ဘာတွေလည်းတော့မသိဘူး...အိမ်မှာရှိတာတွေဘဲ အကုန်ထည့်တာပေါ့)
စိတ်တိုင်းကျ သမအောင်နယ်ပြီးတဲ့အခါ ပုဂံထဲကို ပြောင်းထည့်ပြီး ပေါင်းအိုးထဲတည့်ပြီး ပေါင်းတာပေါ့ .....
ပေါင်းအိုးထဲရေနွေးဆူပွက်ပြီးတော့ မုန့်နှစ်တွေဟာ တဖြည်းဖြည်းတင်းလာတယ်.....
အနည်းဆုံး (၁)နာရီလောက် ပေါင်းလိုက်တဲ့အခါ အဆင်သင့်စားလို့ရတဲ့ အနေအထားရတာပေါ့.....
ပြီးတော့ ကျွန်မတို့ မုန့်ကို အမည်တတ်လို့ရအောင် မြည်းဆမ်းကြည့်ကြတယ်.....
အင်း...ထိုးမုန့်နဲ့တော့ ခပ်ဆင်ဆင်ပါဘဲ....အရသာလေးကတော့ မဆိုးပါဘူး..... 
မိသားစုတွေ ၀ိုင်းဖွဲ့စားကြတယ်.....
ဟဲဟဲ ...ကောင်းတယ်ဘဲပြောရမှာပေါ့လေ....
ဟုတ်တယ်...ဘာဘဲပြောပြော သူရဲ့ လက်ရာ ထိုးမုန့်လေးကို သူငယ်ချင်းတွေကြွားဖို့ မနက်ဖြန်ရုံးထည့်သွားရမယ်.....
ဟင်း..ကိုယ်ကအားခဲထားပြီး သူငယ်ချင်းတွေ ကြွားပါမယ်ဆိုမှ အဲဒီနေ့မှာ ဒီကောင်တွေက  ခွင့်ယူထားကြတယ်.....
ကိုယ်ကိုတိုင်ဘဲ အပြတ်ကြိတ်လိုက်တော့တယ်.....
ထိုးမုန့်
 စားကြပါအုံးနော်.......
(ဆန်းစနေ၀န်း)
Friday, July 6, 2012
သမီးလေးအတွက် ဆုတောင်း
သမီးလေးအတွက် ဆုတောင်း.......
ဒီရက်ပိုင်းမှာ တုတ်ကွေးရာသီဖြစ်တာကြောင့် သမီးလေးလည်း သုံးလေးရက်လောက်ဖျားတယ်.....
အဖျားကြောင့် နဂို ၀တုတ်တုတ် ကောက်ညှင်းစိုင်းထုပ်ကလေး အားတော်တော်ပျော့သွားတယ်
အဖျားသက်သာပေမယ့်လည်း ချောင်းဆိုးကျန်နေသေးတာကြောင့် ကျွေးသမျှအစားအစာတွေကို
ချောင်းဆိုးရင်းနဲ့ အန်အန်နေတာကြောင့် ပျော့ခွေခွေလေးဖြစ်နေတောပေါ့.....
ဟိုအရင်ရက်တွေကဆို မနက်အစောကြီးနိုးထပြီး တီတီတာတာစကားတွေပြော အိပ်ရာထဲ ဗြောင်းဆန်အောင်လှိမ့်လှိမ့်ပြီးဆော့တဲ့ သမီးလေးဟာ အခုရက်ပိုင်းမှာ ရွှင်ရွှင်လန်းလန်းမရှိဘဲ အမေ့ရင်ခွင်မှာဘဲ မှိန်းနေချင်တယ်.....
သမီးလေးဖျားပြီး မရွှင်လန်းတော့ မေမေတို့လည်း မပျော်ရွှင်ဘူး...
သမီးလေးကို အိမ်မှာထားခဲ့ပြီး ရုံးတက်ရတဲ့အခါ နောက်ဆန်တင်းပြီး ဘာအလုပ်မှ လုပ်လို့မရဘဲ သမီးအတွက် စိတ်မချဘဲဖြစ်နေမိတယ်.....
သမီးလေး မြန်မြန်နေကောင်းကျန်းမာပါစေလို့ မေမေဆန္ဒပြုလျက်.....ချစ်တဲ့ မေမေ
(ဆန်းစနေ၀န်း)
Wednesday, July 4, 2012
ချစ်တပည့်များသို့
တပည့်တို့
     အလှည့်လို့ပြော
     ဆရာစောဖြင့်
     တတ်စေချင်စိတ်
     ယိုလုံးဖိတ်လျက်
     ခြိမ်းကာတဖုံ
     ခြောက်တလှည့်ဖြင့်
     ဆရာသင်ကြားခဲ့ဖူးသည်.....
တပည့်တို့
     ရောက်လို့လာပြန်
     ဆရာထံမှာ
     သင်ယူဆည်းပူး
     မင်းတို့ဦးချ
     ကန်တော့ကြသည်
     ဖြူစင်စိတ်ထား
     ဆရာစိတ်မှာ
     သာယာချိုမြိန်ခဲ့ဖူးပြီ.....
တပည့်တို့
     ဆရာ့ဘ၀ကား
     တပည့်များထံ
     ၅နှစ်ကာလ
     ခ၀ါချလို့
     ပုံချပညာ
     ခဏတာတွင်း
     သင်ကြားပေးနိုင်ခဲ့လေပြီ.....
တပည့်တို့
     တပည့်တို့ဘဝ
     လှပတင့်တယ်
     လူ့ဘောင်အလယ်မှာ
     ထည်ဝါငွားစွင့်
     ပျော်ခန်းဖွင့်လို့
     ဘ၀များလှ
    ဆရာပျော်ရွှင်ခဲ့ပါပြီ.....
မင်းတို့ဆရာ (နေလတ်)
သူရဲ့ခံစားချက် ကဗျာလေးတပုဒ်ပါ.......
(ဆန်းစနေ၀န်း)
Saturday, June 30, 2012
မိုးရွာရင်...မိုးရေချိုးမယ်.....
"မိုးရွာရင် မိုးရေချိုးမယ်...မေမေလာရင်နို့စို့မယ်...ဖေဖေလာရင်အုန်းသီးခွဲစားမယ်....."
 အိမ်ရှေ့လမ်းမပေါ်မှာ မိုးရေထဲပြေးလွှားဆောကစားနေတဲ့ ကလေးငယ်တသိုက်ရဲ့ ပျော်ရွင်စွာ ခုန်ပေါက်အ်ာဟစ်ပြီး သီချင်းဆိုနေသံကြားတော့  ငယ်ငယ်တုန်းက ကလေးဘ၀လေးကို ပြန်လည် အမှတ်ရမိတယ်.....ဟုတ်တယ်.....
ကလေးဘ၀တုန်းကတော့ မိုးရွာရင် တအားပျော်ခဲ့ကြတာ.....ကျွန်မတို့မြို့လေးက အညာမြို့လေးဆိုတော့ မိုးကလည်းတော်တော်နဲ့ရွာခဲတယ်လေ....ရွာပြီဆိုရင်လည်း စွေမိုးဘဲ.....
မိုးရေချိုးမယ်
ကျွန်မတို့အိမ်ရဲ့ နောက်ဖေးမှာ သစ်ပင်တွေ ရေလောင်းဖို့အတွက် ခြံစီးရိုးတလျှောက် ရေမြောင်းလေး တူးထားပါတယ်.....
မိုးရွာပြီဆိုရင် ကုန်းမြင့်ဘက်က ရေတွေအကုန်လုံးဟာ အဲဒီမြောင်းထဲ အကုန်စီးဝင်တာပေါ့.....
မြောင်းထဲရေတွေပြည့်နေပြီဆိုတာနဲ့ ကျွန်မတို့ ကလေးတသိုက်ဟာမြောင်းထဲခုန်ဆင်းရေကူးကြတာပေါ့...
မြေနီတွေရောနေတဲ့ မိုးရေနီကြန့်ကြန့်ကိုလည်း ကျွန်မတို့ မမှုကြပါဘူး.....
တခါတရံမှာ အိမ်ရှေ့ကလှည်းလမ်းကြောင်းတလျှောက် ပြေးလွှားပြီး မိုးရေချိုးကြတယ်လေ.....
ပြီးတော့ အိမ်အမိုး တံစက်မြိတ်တလျှောက်မှာလည်း ချိုးကြတယ်....
ရေများများချိုးချင်တဲ့အခါ အိမ်တံစက်မြိတ် ရေသလျှောက်က ကျလာတဲ့ရေကိုချိုးကြတယ်.....
အရှိန်နဲ့ကျလာတဲ့ရေဆိုတော့ ခေါင်းတို့ ကျောပြင်တို့မှာ စပ်လိုက်တာ မပြောပါနဲ့တော့.....မိုးရေချိုးရတော့ အေးစက်ထုံကျင်နေတာပေါ့...ဒါပေမယ့်အရမ်းပျော်ရွင်ခဲ့ရတယ်.....
မိုးရေခံမယ်
ကျွန်မတို့ အညာမှာ ရေတွင်းရေကန်ရှားတော့ မိုးရွာပြီဆိုရင် မိုးရေခံရတာ သဘာဝတစ်ခုပါဘဲ.....
အိမ်မှာရှိတဲ့ ရာဝင်အိုး ဆယ်ဝင်အိုး(ပိသာဝင် စဥ့်အိုးကြီးများ)နှင့် အိမ်တံစက်မြိတ်  ရေသလျှောက်က ကျလာတဲ့ရေကို ခံရတယ်..... အိမ်မှာတော့ စဥ့်အိုးဆယ်လုံးလောက် ရေခံထားရတယ်.....
အဲဒီလို ရေခံရင်းနှင့် မိုးရေချိုးရတဲ့ အရသာကလဲ တသက်မမေ့နိုင်ပါဘူး.....
မိုးရာသီထမင်းဝိုင်း
တခါတလေ အဖေမြေပဲခင်းတွေသွားကြည့်တဲ့အခါ တောထဲကခူးလာတဲ့ ကင်းပုံညွန့်လးတွေကို အိမ်မှာစိုက်ထားတဲ့ ကန်းစွန်းညွန့်လေးတွေနဲ့ရောပြီး အမေက ဟင်းချိုပူပူလေးချက်.... ငပိကြော်...ပဲပြုတ်လေးနှင့် မိသားစုဝိုင်းဖွဲ့ ထမင်းစားခဲ့ကြတာကိုလဲ မမေ့နိုင်ပါဘူး.....
မှိုကျင်းတွေရလာတဲ့နေ့များဆိုရင်တော့ မှိုနှင့်ကန်စွန်းရွက် ကိုငရုပ်သီးစပ်စပ်လေးနှင့် ဟင်းရည်လေးချက်ပြီးစားကြတယ်.....
မြေပဲအပင်ဖောက်တဲ့နေ့ဆိုရင် မြေပဲပင်ပေါက် လတ်လတ်ဆတ်ဆတ်မွှေးမွှေလေးကလည်း မိုးရဲ့ သင်္ကေတပါဘဲ.....
ပဲညှောင့်ဖောက်မယ်
မိုးတွင်းမှာ ကျွန်မအမေဟာ အမြဲတမ်းပဲညှောင့်ဖောက်လေ့ရှိတယ်.....
ကျွန်မတို့အိမ်ရှေ့မှာ နွေရာသီမီးဘေးအန္တရာယ်ကာကွယ်ဖို့အတွက် သဲပုံအကြီးကြီးတစ်ပုံရှိတယ်.....
မိုးရွာတဲ့အခွသဲတွေဟာ စိုစွတ်စွတ်ပေါ့...အမေဟာ အဲဒီသဲပုံထဲမှာ ပဲမျိုးစုံကို အလှည့်ကျ အညှောင့်ဖောက်လေ့ရှိတယ်...မြေပဲ..ပဲနီပြားကြီး(ထောပတ်ပဲ).. ပဲနီလုံးလေး (ပဲကတ္တီပါ).. ပဲအဖြူပြားကြီး..ပဲအဖြူလုံး..စားတော်ပဲ..ကုလားပဲ..စသဖြင့်ပေါ့..... ပဲအခြောက်တွေကို သဲပုံစိုစိုထဲမှာ ဖွထည့်ပြီး ဂုန်နီအိတ်များနဲ့အုတ်ပြီး မိုးထဲမှာ ထားလိုက်တယ်.....
နှစ်ရက် သုံးရက်လောက် ကြာတဲ့အခါ ဂုန်နီအိတ်ကိုဖွင့် သဲပြင်ကို ဖွကြည့်တဲ့အခါ ပဲလေးတွေကပွပြီး အညှောင့်လေးတွေထွက်လာတာကိုတွေ့ရတယ်....အဲဒီထဲက ပဲညှောင့်မပေါက်သေးတဲ့ ပဲတွေကို သဲထဲပြန်အုတ်ထားပေါ့...ပဲညှောင့်ပေါက်နေပြီဖြစ်တဲ့ ပဲတွေဟာ ချက်စား ပြုတ်စားဖို့ အဆင်သင့် ဖြစ်ပြီပေါ့...ဒီလိုနည်းနဲ့ ပဲအခြောက်ကနေ ပဲအစိုပြုလုပ်ပြီး စားကြတာပေါ့... 
အမေနဲ့ အတူတူ သဲတွေထဲ လက်ထိုးပြီး ပဲအညှောင့်ရှာခဲ့ကြတာတွေကိုလည်း သတိရနေပါတယ်.....
မိုးညတေးသံ
ညအခါများမှာတော့ အုံးအင် အုံးအင် ဖားအော်သံများကတော့ မိုးရာသီရဲ့ တေးသံသာများမှာဘဲ.....
မိုးအရသာ
နဲနဲ အသက်လေးကြီးလာတဲ့အခါမှာတော့ မိုးရေထဲမှာ ဆော့ကစားရတာထက် ပိုကြိုက်တာကတော့ မိုးအေးအေးမှာ စောင်ခြုံထဲကွေးပြီး ၀တ္ထုစာအုပ်ဖတ်ရတဲ့အရသာကပါဘဲ.....
အံမယ် ကော်ဖီလေးတစ်ခွက်လောက်သောက်လိုက်ရလို့ကတော့ တော်တော် အရသာရှိအုံးမယ်.....
ဒီလိုပါဘဲ  မိုးနဲ့ပတ်သက်တဲ့ အမှတ်ရစရာလေးတွေကတော့ ဘ၀မှာ အများကြီးပါဘဲ.....
အခုအချိန်အထိလည်း
မိုးရွာရင် မိုးရေချိုးနေအုံးမှာပါဘဲ.......
(ဆန်းစနေ၀န်း)