Tuesday, June 19, 2012

လွမ်းမိတယ်...ရွာကျောင်းက ခေါင်းလောင်းသံ

"ရွာကျောင်းကို...ပြေးမြင်မိတယ်...သတိရနေတယ်..သူငယ်ချင်းရေ....."

 ဒီနေ့မနက် ပျင်းပျင်းရှိတာနဲ့ YouTube ဖွင့်ပြီး သီချင်းတွေနားထောင်မိတယ်.....
အမှတ်မထင်..တွံတေးသိန်းတန်ရဲ့ အသီးတစ်ရာ အညှာတစ်ခု သီချင်းလေးကို နားထောင်မိတာနဲ့ စိတ်တွေဟာ ဟိုးအရင် (၂၅)နှစ်ကျော်ကာလကတက်ခဲ့ရတဲ့ ကျွန်မတို့တက်ခဲ့တဲ့ မူလတန်းကျောင်းလေးနှင့် ကျောင်းတက်ဖော်သူငယ်ချင်းတွေဆီ  ပျံ့လွင့်လို့သွားတယ်.....

အိမ်မှကျောင်းသို့ .....
ကျွန်မတို့မြို့ငယ်လေးမှာ...မူလတန်းကျောင်း(၄)ခုရှိတဲ့အထဲက ကျွန်မတို့ရဲ့ကျောင်းလေးက အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းပေါ့.....
ကျွန်မတို့မြို့လေးရဲ့ ခေါင်းရင်း မြို့ အရှေ့ပိုင်း.....ကျွန်မတို့ရပ်ကွက်ရဲ့   အရှေ့ပိုင်းမှာရှိတယ်.....
ကျွန်မတို့အိမ်မှဆိုရင်တော့ လူနေအိမ်များ (ဦးလှမောင်အိမ်..ဒေါ်ခင်ရီအိမ်..မဥမ္မာတို့ အိမ်...စသဖြင့်ပေါ့) ...ရုံများ (တရားရုံး..မြို့နယ်မှူးနေအိမ်).. ဘုရားများ(ရပ်သာဘုရား..ဘုရားသုံးဆူ နှင့် တ၀ဂူဘုရား)...ဘုန်းကြီးကျောင်းများ(ဆင်ရှင်ကျောင်းနှင့် စံပယ်ရုံကျောင်း) များဘေးမှ ဖြတ်ပြီး (၁၀)မိနစ်လောက် လမ်းလျှောက်ပြီးသွားရင် ကျောင်းကို ရောက်ပြီပေါ့.....
တစ်လမ်းထဲအတူနေသူငယ်ချင်းများဖြစ်တဲ့ မိသက်..ကြူကြူ..မိကေ...အေးမိစံတို့နှင့် ကျောင်းလမ်း
တလျှောက် လမ်းလျှောက်သွားခဲ့ကြတာကိုလည်း အမှတ်ရနေဆဲပါ.....
မြို့အရှေ့ပိုင်းမှ အမက(၁)ကျောင်း
Google Map မှ ကူးယူဖြော်ပပါသည်။
ကျောင်းရဲ့ ဖွဲ့စည်းပုံ.....
ကျွန်မတို့ငယ်ငယ်က ကျောင်းလေးဟာ ခြေတန်ရှည် အုတ်ဖိနပ်ခံ သစ်သားကျောင်း အမျိုးအစားဖြစ်တယ်......
ကျောင်းပန္နက်ပုံကတော့ အင်္ဂလိပ်အက္ခရာ အယ်လ် (L Shape)ပုံသဏ္ဍန်ရှိပါတယ်.....
ကျွန်မတို့အခေါ် ကကြီးတန်း(သူငယ်တန်းလေး)..သူငယ်တန်းကြီး..ပထမတန်း.. ဒုတိယတန်း..တတိယန်း..စတုတ္ထန်းဆိုပြီး အတန်း(၆)တန်းစာအတွက် လိုအပ်တဲ့အခန်းများ ဖွဲ့စည်းထားပါတယ်...ကျောင်းအုပ်ကြီးရုံးခန်းနှင့် အစည်းအဝေးခန်းက တောင်ဘက် အစွန်မှာရှိသလို တတိယတန်းအခန်းက အခြားအစွန်ဘက်မှာရှိပါတယ်....ကျောင်းပေါ်တက်ရန် လှေကား (၃)စင်း ပါရှိတယ်..... အခန်းတစ်ခန်းနှင့် တစ်ခန်းအကြားက Light Partition နဲ့ ခြားထားတဲ့ အတွက် အခမ်းအနားများကျင်းပတဲ့အခါ ခန်းမကျယ်အနေနဲ့ သုံးနိုင်တယ်.....
အခုအချိန်မှာတော့ ကျောင်းကို upgrade လုပ်ထားတာလို့ ကျွန်မတို့ ငယ်ငယ်က ကျောင်းဖွဲ့စည်းပုံနဲ့ သိပ်မတူတော့ပါဘူးထင်ပါတယ်.....

ကျောင်းနှင့်ပတ်ဝန်းကျင်
ကျောင်းရဲ့ အရှေ့ဘက်မှာ သီးနှံစိုက်ခင်းများနှင့် ဟို အဝေး မလှမ်းမကမ်းမှာတော့ မြစ်ကြီးဧရာဝတီ ကို လှမ်းမျှော်တွေ့နိုင်ပါတယ်.....
ကျောင်းမတက်ခင် အချိန်များမှာ ဆရာဆရာမများ မသိစေရန် အရှေ့ဘက် စိုက်ခင်းတွေဆီ
လျှောက်သွားကြတာကိုလည်း အမှတ်ရပါသေးတယ်.....
ဝါဆိုဝါခေါင်မြစ်ရေတက်တဲ့အချိန်မှာဆိုရင်တော့ ကျောင်းအရှေ့ဘက် စိုက်ခင်းကွင်းပြင်တပြင်လုံးဟာ
မြစ်ရေများနှင့် ဖုံးလွှမ်းပြီးတော့ ကျွန်မတို့ ကျောင်းဝန်းလေးအထိ မြစ်ရေတွေတက်ပါတယ်.....
အဲဒီအခါမှာ ရေစပ်မှနေပြီး ကျောင်းလှေခါးထစ်များရောက်သည်အထိ လှေကလေးစီးပြီး သွားရတာကလည်း မမေ့နိုင်စရာပါဘဲ.....

ကျောင်းပတ်ဝန်းကျင်မှာ အရိပ်ရအပင်များဖြစ်တဲ့ ကုက္ကိုယ်..မကျီး..တလုန်မကျီး..တမာပင်များ က ကျောင်းဝန်းအတွင်း အေးမြမှုဖြစ်စေပါတယ်.....
ကျောင်းနဲ့ကပ်လျက် လှည်းလမ်းရဲ့ အနောက်ဘက်မှာတော့  စံပယ်ရုံ ဘုန်းကြီးကျောင်းရှိပါတယ်.. အဲဒီဘုန်းကြီးကျောင်းထဲက သစ်တောထဲမှာ သရဲရှိတယ်ဆိုပြီး အရမ်းကြောက်လို့ မသွားရဲကြဘူး.....
ကျောင်းရဲ့ အရှေ့ဘက်ယွန်းယွန်း စိုက်ခင်းများအစပ်မှာတော့ ရေချိုတွင်း ၅ တွင်းလောက်ရှိတယ်..... (ရှေးလူကြီးများက မြို့ ရွာတွေရဲ့ ခေါင်းရင်းမှာ ရေတွင်းတွေတူးပြီး လှူဒါန်းခဲ့တဲ့ အလေ့အထရှိခဲ့တယ်)
ကျွန်မတို့ငယ်ငယ်က အိမ်တွေမှာအခုခေတ်လို ရေတွင်း(အ၀ီစိတွင်း)တွေ ပေါပေါများများ မရှိသေးဘူး... အဲဒီတော့ ချိုးရေ သောက်ရေ သုံးရေ အတွက် ရေတွင်းတွေမှာ လာပြီးချိုးရ ခပ်ရတယ်.....
ကျောင်းမြောက်ဘက်ကပ်လျက် လှည်းလမ်းကြောင်းတော့ သဲတွေပြည့်နေတော့ ကျွန်မတို့ ကစားစရာနေရာတစ်ခုပါဘဲ....လှည်းလမ်းကြောင်းတလျှောက်သဲပြင်မှာ အိမ်ဆောက်တမ်း...စိန်ပြေးတမ်း..စသဖြင့် ကစားကြတာပေါ့.....
ကျောင်းရဲ့ မြောက်ဘက်ပိုင်းကတော့ လူနေရပ်ကွက် ရှိတယ်....
ပြီးတော့ မြို့နယ်ဆောက်လုပ်ရေးရုံးရှိတယ်...အဲဒီရုံးကိုတော့ ကျွန်မတို့ သူငယ်ချင်း ခင်ဇာဇာကို ရှိတော့ အလည် ခဏခဏ ရောက်တယ်...သူ့အဖေက အင်ဂျင်နီယာ... သူတို့မိသားစုကအရမ်းဖ်ာရွေတော့ ကျောင်းနားချိန်များမှာ ကျွန်မတို့ စားအိမ်သောက်အိမ်ပေါ့.... သူ့အဖေကို ကြည့်ပြီး..ငယ်ငယ်က အင်ဂျင်နီယာ အရမ်းဖြစ်ချင်ခဲ့တာပေါ့.....

ကျွန်မ၏ ဆရာဆရာများ
ကျွန်မငယ်ငယ်ကျောင်းတက်စဉ် ဆရာဆရာမများကတော့ ကျွန်မတို့အပေါ် သားသမီးလို ကြင်နာနွေးထွေးပြီး သင်ကြားလမ်းညွှန်မှုပေးခဲ့သူများဖြစ်ပါတယ်.....
ကျွန်မတို့ မူလတန်းနေစဉ်တလျှောက် ကျောင်းအုပ်ဆရာကြီးကတော့ ဆရာကြီး ဦးအုန်းမောင်ဖြစ်ပါတယ်.....ဆရာကြီး အခုချိန်ထိတိုင် ကျန်းကျန်းမာမာရှိနေဆဲလို့ သိရပါတယ်.....
ဆရာမသန်းသန်းကတော့ ကျွန်မတို့ရဲ့ လက်ဦးဆရာပါ...ကျောင်းစတက်တက်ချင်း ကကြီးတန်းမှာ သင်ရပါတယ်....ဆရာမရဲ့ မေတ္တာသံအပြည့်နဲ့ ကကြီး ခခွေးသင်ပြမှုတွေဟာ ကျွန်မတို့အတွက် ဘ၀ထဲကို လှမ်းဝင်နိုင်ဖို့အတွက် လှေကားထစ်တွေပါဘဲ.....
ဆရာမ ဒေါ်မိမိကြီးက ကျွန်မတို့ သူငယ်တန်းမှာသင်ရတယ်.....ဆရာမရဲ့ အသံကအေးချမ်းတည်ငြိမ်တယ်...မနက်ပိုင်းနိုင်ငံတော်အလံ အလေးပြုတဲ့အခါ နိုင်ငံတော်သီချင်းသီဆိုတဲ့ ဆရာမရဲ့ အသံကို အခုအချိန်အထိ ကြားယောင်မိပါသေးတယ်.....
ဆရာ ဦးကျော်ဆွေကတော့ ကျွန်မတို့ ၂ တန်းကစပြီး ၃ တန်း ၄တန်းတလျှောက်လုံး ကျွန်မတို့ကို စာသင်ခဲ့တဲ့ ကျွန်မတို့အတန်းရဲ့ Family Teacher ပေါ့.....ပြီးတော့ ဆရာ ဦးမင်းစိန်လည်း အမှတ်ရပါသေးတယ်.....ပုပုသေးသေး ဆရာမ နီနီလေးကိုလည်း သတိရပါသေးတယ်.....
ဆရာမဂျပန် ဆရာမ ခင်မြတ်သင်း ဆရာမသင်းသင်းဦး ဆရာမအောင်မေမြင့်တို့ရဲ့ သင်ပြလမ်းညွန်မှုတွေကိုလည်း ယနေ့အထိ မမေ့နိုင်သေးပါ.....



ကျွန်မနှင့် သူငယ်ချင်းများ
မှတ်မိပါသေးတယ်...ငယ်ငယ်ကကျောင်းမတက်ခင်အချိန်နှင့် မုန့်စားကျောင်းဆင်းချိန်တွေမှာဆိုရင် သူငယ်ချင်းများနှင့်အတူ ကုက္ကိုယ်ပင်ခြေရင်းမှာပြေးလွှားဆော့ကစားရတာအမောပါဘဲ.....
ကျောင်းအောက်ဖက်က သစ်သားတိုင်တွေကြားမှာ ဘုတ်တိုင်ဦးတန်း...ထုပ်စီးတိုးတမ်း...ရီထိုးတမ်း... ကစားခဲ့ကြတာတွေလည်း ပြေးပြီးမြင်ရောင်မိသေးတယ်.....
အတန်းထဲမှာ အတန်းခေါင်းဆောင်များလို ဖြစ်နေတဲ့ မိလင်း နှင့် ခင်ဇာဇာကို တို့ က ကစားတိုင်းအမြဲတမ်းအဖွဲ့ခေါင်းဆောင်လုပ်ကြတယ်.....
ကျွန်မငယ်ငယ်က အရပ်ကလည်း ပုတပ်တပ် လူကလည်း ညှပ်စိဆိုတော့ အမြဲတမ်း နောက်လိုက်ပေါ့
မှတ်မိသေးတယ် လေးတန်းတုန်းက ကျောင်းထုတ်စီးတိုးပြိုင်ပွဲမှာ သတ်မှတ်ထားတဲ့အရပ်မမှီလို့ ပွဲထဲမှာ မပါခဲ့ရဘူးလေ.....
အရပ်ပုလို့ ကောင်းတာ တစ်ခု ကတော့ အတန်းထဲမှာ အမြဲရှေးဆုံးခုံတန်းက ထိုင်ရခြင်းပါဘဲ......
ဒါပေမယ့် ကျွန်မ ကရှေ့ဆုံးတန်းမှာ ဘယ်တော့မှ မထိုင်ဘဲ ကျွန်မသူငယ်ချင်းများ..မိလင်း ..အိကျော့..ခင်ဇာဇာကိုတို့နှင့် အတူ ဒုတိယခုံ သို့မဟုတ် တတိယခုံမှာဘဲ အမြဲထိုင်လေ့ရှိတယ်...

တခါတရံမှာတော့  ပုံပြောကောင်းတဲ့ ခရစ်ယာန်သူငယ်ချင်းများဖြစ်တဲ့ မိသူ..မိလင်းတို့က ပုံပြောတာကို ပြတင်းပေါက်သစ်သားတန်းများအကြားမှာ ခြေတွဲလောင်းချရင်း နားထောင်ခဲ့ရတာကိုလည်း သတိရနေတယ်ဟာ.....
ပြီးတော့ ကျွန်မနဲ့ အိမ်နီးနားချင်း ကျောင်းနေဖက်သူငယ်ချင်းများဖြစ်တဲ့ ၀င်းဖြိုးအောင် နှင့် ကျော်ဖြိုးသန့် တို့နှင့် စာအတူတူပြိုင်ပြီးကျက်ခဲ့တာတွေကလည်း အမှတ်ရစရာပါ.....


ကျွန်မတို့ကျောင်းက မုန့်ဈေးသည်
ကျောင်းရှေ့ အ၀င် ညောင်ပင်ရိပ်မှာ အမြဲရောင်းနေကြဖြစ်တဲ့ ဒေါ်ညိုရဲ့ ဇီးယို(ဇီးချင်သီးကို ထန်းလျက်နဲ့ ယိုထိုးထားတာ)..တို့ဟူးပြား (၁လက်မခွဲ ပတ်လည်အရွယ် တို့ဟူးပြားပါးပါလေးတွေကို ဆနွင်းမှုန့်ဆီချက်နဲ့ ဆမ်းထားတာ)..ညောင်စေးတုတ်ထိုး (စေးကပ်အောင် ကြိုထားတဲ့ ညောင်စေးကို တုတ်ချောင်းလေးမှာ ရစ်ပြီးထားတာ)  တွေကိုလည်း စားချင်မိသေးတယ်...
ပြီးတော့ နေကြာစေ့ ဇီးပေါင်းမရမ်းပေါင်းအစုံရောင်းတဲ့ မအေးချို မအေးစမ်း ညီအစ်မနှစ်ယောက်ရဲ့ မုန့်ဆိုင်ရောပေါ့....မအေးချိုရဲ့ (၁၅)ပြားတန် မုန့်ဟင်းခါးက ငယ်ဘ၀ရဲ့ မမေ့နိုင်တဲ့ အစားအစာတစ်ခုပါဘဲ..
တခါတရံ တောဖက်ကလာရောင်းတဲ့ တစ်ခု (၅)ပြားတန် မုန့်လေပွေကလည်း ကျွန်မတို့ အကြိုက်ဘဲပေါ့....


ကျွန်မရဲ့ ကကြီးတန်းအမှတ်တရ
တကယ့်ကို မှတ်မှတ်ရရတစ်ခုပါ.....
အဲဒါကတော့ ကျွန်မငယ်ငယ်ကျောင်းစတက်ရတဲ့ အချိန်မှာ ကျောင်းမတက်ချင်တာပါဘဲ.....
အစ်ကိုတွေ အစ်မတွေနဲ့လည်း အသက်ကွာတော့ သူတို့ အထက်တန်းကျောင်းမှာတက်နေရတော့ ကျောင်းမတူဘူးလေ.....
အမေနဲ့ တခါမှ မခွဲဖူးတော့ ကျောင်းတက်ရတာကို မပျော်ခဲ့ဘူး....
အဲဒါကြောင့် အမေက ကျွန်မနဲ့ အတူတူ ၃ လ လောက် ကျောင်းလိုက်တက်ပေးရတာပါဘဲ.....
စာသင်နေချိန် မှာ ဆရာမ စာသင်တာကိုလည်း နားထောင်ရင်း ကျောင်းပြတင်းပေါက်ကနေ ကုက္ကိုလ်ပင်ရိပ်အောက်မှာ ထိုင်စောင့်နေတဲ့ အမေ့ကို လှမ်းမျှော်ကြည့်ရတာ အမောဘဲ... အမေ့ကိုကြည့်လိုက် ဆရာမရဲ့ စာကို လိုက်ဆိုလိုက်နဲ့ပေါ့.....ကကြီးတန်းသင်တဲ့ ဆရာမကြီးသန်းသန်းက သဘောလည်းကောင်းတယ်...စာသင်လည်းကောင်းတယ်...မုန့်ဖိုးတွေပေးတယ်လေ...တကယ်တော့ အမေက ကျောင်းပျော်စေရန် ကျွန်မအတွက် မုန့်ဖိုးတွေကို ဆရာမကြီးထံပေးထားတာပါ..ဒါကို ဆရာမက မုန်းဖိုးတွေပေးတယ်ပြီး ၀မ်းပမ်းတသာနဲ့ အိမ်ရောက်ရင်ပြန်ပြောပြရတာ.....
ဒီလိုနဲ့ သူငယ်ချင်းလေးတွေရလာတဲ့ အခါ တဖြည်းဖြည်းနဲ့ ကျောင်းပျော်လာပါတယ်..... စာဖတ်ရတာလည်းပျော်လာတယ်လေ.....နောက်ပိုင်းမှာတော့ ကျောင်းပျော်တာ မပြောပါနဲ့တော့...
မိုးတွေအရမ်းရွာလို့ ကျောင်းတက်မဲ့သူမရှိတောင် ကျွန်မကတော့ အတန်းထဲမှာကျောင်းစာတွေဖတ်ရင်း နဲ့ ပျော်နေခဲ့တာ.....ငယ်ငယ်ကကျောင်းတက်ပျင်းခဲ့တဲ့ ကျောင်းမပျော်ခဲ့တဲ့ ကျွန်မကို လောကအလယ်မှာ တင့်တင့်တယ်တယ်ရပ်တည်နိုင်စေရန် အစပျိုးပေးခဲ့တဲ့ အမိကျောင်းတော်ကြီးနှင့် ဆရာဆရာမများရဲ့ ကျေးဇူးအနန္တကို အမြဲ အောက်မေ့လျက်ပါ......

အိုး.....ငယ်ငယ်ကလေးဘ၀ကအကြောင်းကို  တကယ်လွမ်းမိပါတယ်....သူငယ်ချင်းတို့ရေ......
အခုဆိုရင် တို့တတွေဟာ လောကြီးထဲမှာ ပုံစံအမျိုးမျိုးနှင့် ရှင်သန်နေထိုင်ရင်းနဲ့ပေါ့....
တချို့တွေက ဆရာဝန်တွေ အင်ဂျင်နီယာတွေ ဆရာမတွေ အဖြစ် တိုင်းပြည်တာဝန် ထမ်းဆောင်ရင်းနဲ့ပေါ့.....
တချို့ တွေကတော့ မြို့လေးမှာ ပွဲရုံလုပ်ငန်းများနှင့် ဖြစ်စေ...ဈေးရောင်းရင်း ဖြစ်စေ
တောင်သူလယ်ယာအလုပ်များလုပ်ရင်းဖြစ်စေ ဘ၀အတွက် ရုန်းကန်လှုပ်ရှားရင်းနဲ့ပေါ့.....
အသီးတစ်ရာ အညှာ တစ်ခုဆိုတဲ့ တကယ်မှန်တယ်.....ကျောင်းတော်ကြီးဆိုတဲ့ အညှာတစ်ခုကနေ အသီးများစွာကို မွေးဖွားရှင်သန်လို့ပေါ့.....
တနေ့နေ့တချိန်ချိန်မှာ တို့တွေ ပြန်ဆုံနိုင်ဖို့ ရည်ရွယ်ရင်း.......
အမက(၁)ရဲ့ ခေါင်းလောင်းသံချိုချိုလေးကို ပြန်လည်တမ်းတရင်း.......
(ဆန်းစနေ၀န်း)

No comments:

Post a Comment