Wednesday, October 31, 2012
သီတင်းကျွတ်အလှ
တူရာသီ နက္ခတ်ဆန်း
ရာသီပန်း အလှကြာဖြူ
 သင်းပျံ့ကာ ရနံ့ကြိုင်ဆူ
ကောင်းကင်ယံ ကြည်လင်သ
ငွေလ၀န်း ရွှမ်းပပ
ဖယောင်းဆီမီး ရောင်စုံခြယ်
မြတ်ဘုရားကို ပူဇော်မယ်
 မီးရှူး မီးပန်းအလှဆန်း
ဝန်းကျင်တစ်ခုလုံး ရောင်စုံဆင်မြန်း
ရိုးရာဓလေ့ မြန်မာ့အမွေ
လူကြီးမိဘကန်တော့မယ်လေ
ဂါရ၀တရား ဦးခိုက်ထား
ဝတ်တွားကြ ဖြူစင်စိတ်ထား
ထိန်းသိမ်းကြစို့ မောင်ညီမများ
............
(ဆန်းစနေ၀န်း)
Thursday, October 18, 2012
ဆရာမအတွက်
နေညိုချိန်ရဲ့
တိမ်ရောင်တွေ ၀င်းလက်တဲ့ဆည်းဆာ
နေမ၀င်တဲ့အရာများစွာရှိပါတယ်...
ကျေးငှက်တွေက
အနောက်ကျွန်းဆီပျံသန်း
ငယ်စဉ်တုန်းက အိမ်မက်တွေဟာ
ခုမှ အန်ကျလာခဲ့တယ်ဆရာမ...
လှပသောမနက်ခင်းများသည်လည်း
အသွင်သွင်စီးဆင်းလှော်ခပ်
ဆရာမရဲ့အိပ်မက်တွေလဲ
အားလုံးကိုကျော်ဖြတ်နိုင်ပါစေ....
မြင်တွေ့ဖူးတဲ့ 
ကြယ်စင်တွေအားလုံး
ဒီစကြာဝဠာကြီးတစ်ခုလုံးထက်
ဆရာမ အသဲနှလုံးက
မြင့်မြတ်ပါတယ်...
ဆရာမပျော်ရာမှာနေပါ....
ဆရာမနှစ်သက်သလိုစီးဆင်းပါ...
ဆရာမခုံမင်သလိုပျံသန်းပါ...
ဘယ်လိုဘဲဖြစ်ဖြစ်
ကျွန်တော်ကတော့ ကျွန်တော်စီးဆင်းရာမြစ်ကမ်းတလျှောက်
ဆရာမလောက်မှ အရောင်မထွက်တဲ့ ကျောက်တွေတွေ့တိုင်း
အမြဲသတိရနေမယ်....
(1G Ar-14)
Bagan Remembrance (2007) စာအုပ်လေးကို ပြန်လည်ဖတ်မိရင်း.......
လွန်ခဲ့တဲ့(၅)နှစ်ကျော်ကာလများက  ကျွန်မတပည့်လေးတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ first year
ကျောင်းသားလေးတစ်ယောက်က ဆရာမအတွက်ဆိုပြီး လက်ဆောင်ရေးပေးခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ...
(ဆန်းစနေ၀န်း)
Friday, October 12, 2012
ရင်ထဲက ပုဂံ(၆)
ရွှေစည်းခုံစေတီ
ပုဂံပြည့်ရှင် အနော်ရထာမင်း (အေဒီ ၁၀၄၄-၁၀၇၇) တည်ထားကိုးကွယ်ခဲ့တဲ့ စွယ်တြော်မတ်စေတီ (၄)ဆူထဲမှာ တစ်ဆူအပါအ၀င် ဖြစ်ပါတယ်.....
အနော်ရထာမင်းကြီးစတင်တည်ထားခဲ့သော စေတီတော်ကို ကျန်စစ်မင်းကြီး (အေဒီ ၁၀၈၄-၁၁၁၃)မှ အပြီးသတ်အောင် တည်ထားကိုးကွယ်ခဲ့ပါတယ်.....
စေတီတော်ကြီးအား အရှေ့မြောက်ထောင့်မှ ဖူးမြင်ရပုံ (၂၀၁၀၊ စက်တင်ဘာ)
ညောင်ဦးမြို့ရဲ့ အနောက်မြောက်ယွန်းယွန်း ဧရာဝတီမြစ်ရဲ့ အရှေ.တောင်မြစ်ကမ်းပါး သဲသောင်ပြင်မှာ တည်ထားပါတယ်.....
ရွှေစည်းခုံစေတီတော်မြတ်အား ဝေဟင်မှ ဖူးမြော်ရပုံ(Google Map မှ ကူးယူပါသည်။)
ပုဂံဘုရားများရဲ့ အဆိုအရ "တန်ခိုးမှာ ရွှေစည်းခုံ" ဆိုတဲ့အတိုင်း စေတီတော်ကြီးမှာ တန်ခိုးတော်အနန္တနှင့်နဲ့ ထူးခြားပြည့်စုံပါတယ်.....
စေတီတော်ကြီးကို အဝေးကဖူးမြော်တဲ့ အခါ ကုန်းမြင့်ပေါ်တည်ထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ ကျယ်ပြန့်တဲ့ သဲသောင်လွင်ပြင်မှာ တည်ထားပါတယ်.....
ပုဂံညောင်ဦးလမ်းမကြီးပေါ်မှ စေတီတော်ကြီးအားဖူးမြင်ရပုံ(၂၀၁၀၊ စက်တင်ဘာ)
အဆောက်အဦးအမျိုးအစားမှာ မြေစိုက်စေတီအမျိုးအစား(Stupa Type) ဖြစ်ပါတယ်.....
ရွှေစည်းခုံစေတီရဲ့ ဗိသုကာလက်ရာဟာ နှောင်းခေတ်စေတီတော်တွေရဲ့ စံနမူနာတစ်ခုဖြစ်ပါတယ်....
စေတီတော်ကြီးဟာ စတုန်းရန်းပုံသဏ္ဍာန်ပနက်(Square Plan)ရှိပါတယ်....
အောက်ခြေအနားတဖက်စီဟာ ၁၆၀ ပေ စီရှည်လျားပါတယ်.....
ရွှေစည်းခုံစေတီတော် ပနက်ပုံ
(ဗိသုကာဌာန၊ရန်ကုန်နည်းပညာတက္ကသိုလ်(၁၉၇၄)တွင် တိုင်းတာရေးဆွဲသည်)
မြင်မားတဲ့ လေးထောင့်ပစ္စယံသုံးဆင့် (Three Square Terraces)မှာ စေတီတော်ကြီးကို ပိုမိုပြီး ခန့်ငြားထည်ဝါစေပါတယ်....စေတီတော်ကြီးမှာ စုစုပေါင်း ဥာဏ်တော် (Total Height) မှာ ၁၆၀ ပေ မြင့်မားပါတယ်.....
ရွှေစည်းခုံစေတီတော် ဘေးတိုက်မြင်ရပုံ
(ဗိသုကာဌာန၊ရန်ကုန်နည်းပညာတက္ကသိုလ်(၁၉၇၄)တွင် တိုင်းတာရေးဆွဲသည်)
ပစ္စယံတိုင်း၏ မျက်နှာစာလေးဘက်စလုံး အလယ်တွင် နတ်လှေခါးများ(Stairways)၊ မုခ်တန်ဆောင်းများ(Arches)၊ ထောင့်တိုင်းတွင်ထောင့်စေတီရံများ(Corner Stupas)၊
ထောင့်ကလသအိုးများ(Corner urns)၊ ထောင့်ခြင်္သေ့များ(Corner figures of twin-bodied Lion) နှင့် တန်ဆာဆင်ထားပါတယ်.....
ပစ္စယံများ၏ ပတ်ပတ်လည်တွင် ၅၅၀ဇာတ်နိပတ် (550 Jataka Plaques) သရုပ်ဖော်ထားသည့် စဥ့်ကွင်းရုပ်ချပ်များနှင့် အလှဆင်ခြယ်မှူန်းထားပါတယ်.....
ပစ္စယံများသုံးဆင့်လုံးမှာ ခိုနန်းကြိုးများ (Projections)နှင့် ပနံတင့်စွာ လှပနေပါတယ်.....
စေတီတော်ကြီးအား အရှေ့မြောက်ရင်ပြင်မှ ဖူးမြင်ရပုံ (၂၀၁၀၊ စက်တင်ဘာ)
လေးထောင့်ပစ္စယံသုံးဆင့်ရဲ့အထက်မှာ ရှစ်မြှောင့်ပစ္စယံ(Octagonal Terrace) တဆင့်၊ စက်ဝိုင်းပုံပစ္စယံ (Circular Terrace) တဆင့် စီပြီးလျင်ကြီးမားတဲ့ ခေါင်းလောင်းတော်ကြီး ( Bell-Shaped Dome) ကို ဘီလူးပန်းကိုက်(Ogres holding festoons in the mouths) ၊ ရင်ဖွဲ့စည်း(Belt)၊ စိန်တောင် (Dado)၊  ပန်းဆွဲများ (Friezes) နှင့်အတူ တင့်တယ်စွာ တန်ဆာဆင်ထားပါတယ်.....
စေတီတော်ကြီးအား အရှေ့မြောက်ရင်ပြင်မှ ဖူးမြင်ရပုံ (၂၀၁၀၊ စက်တင်ဘာ)
၎င်းတို့အထက်တွင် ဖောင်းရစ်(Conical Spire)၊ ငှက်ပျောဖူး(Banana Bud)၊ ထီးတော်(Umbrella or the crown) ၊ ငှက်မျက်နားတော်(the Vane)၊ စိန်ဖူးတော် (Diamond Bud)တို့နှင့် စေတီတော်အင်္ဂါရပ် များနှင့် ပြည့်စုံစွာ ပါရှိပါတယ်.....
စေတီတော်ကြီးအား တတိယပစ္စယံ နတ်လှေခါးမှ ဖူးမြင်ရပုံ (၂၀၁၀၊စက်တင်ဘာ)
စေတီတော်၏ ခေါင်းလောင်းတော်နှင့် အပေါ်ပိုင်းအား ဖူးမြင်ရပုံ (၂၀၁၀၊စက်တင်ဘာ)
၎င်းအပြင် စေတီတော် တတိယပစ္စယံမှကြည့်လျင် ပရ၀ုဏ်အတွင်းရှိ စေတီပုထိုး သိမ်ဇရပ် အမျိုးမျိုးနှင့် ပတ်ဝန်းကျင်ရှုခင်းများကိုလည်း သာယာဖွယ် တွေ့မြင်ခံစားနိုင်ပါတယ်.....
အရှေ့ဘက်အာရုံခံတန်းဆောင်းနှင့် ပတ်ဝန်းကျင် စေတီပုထိုး သိမ်ဇရပ်များ (၂၀၁၀၊ စက်တင်ဘာ)
အရှေ့တောင်ဘက်ရှိ အလှူခံမဏ္ဍပ်နှင့် ပတ်ဝန်းကျင် စေတီပုထိုး သိမ်ဇရပ်များ (၂၀၁၀၊ စက်တင်ဘာ)
တတိယပစ္စယံမှ တွေ့မြင်နိုင်သာ တုရင်တောင်စွယ်တော်မြတ်စေတီတော် နှင့် နန်းမြင့်မျှော်စင်(၂၀၁၀၊ စက်တင်ဘာ)
တတိယပစ္စယံ စင်္ကြပတ်လမ်း (၂၀၁၀၊စက်တင်ဘာ)
အနောက်မြောင့်ထောင့်ရှိ သိမ်ဇရပ်များနှင့် အတူ နောက်ခံဧရာဝတီမြစ် (၂၀၁၀၊စက်တင်ဘာ)
 စေတီတော်ကြီးပရ၀ုဏ် အတွင်းတွင်လည်း  မြန်မာဗိသုကာလက်ရာများနှင့် တန်ဆာဆင်တည်ဆောက် ထားသော စေတီ ပုထိုး တန်ဆောင်း သိမ် ဇရပ်များစွားတို့ကိုလည်း အံ့မခန်းဖွယ် မြင်တွေ့နိုင်ပါတယ်.....
အရှေ့ဘက်ကြေးဂူတိုက်(၂၀၁၀၊စက်တင်ဘာ)
မြောက်ဘက်ကြေးဂူတိုက်အနီးရှိ ရှေးဟောင်းသစ်သားတန်ဆောင်း(၂၀၁၀၊စက်တင်ဘာ)
ရပ်တော်မူတန်ဆောင်း(၂၀၁၀၊စက်တင်ဘာ)
ရပ်တော်မူတန်ဆောင်းအတွင်း အလှဆင်ထားသော သစ်သားမျက်နှာကျက်(၂၀၁၀၊စက်တင်ဘာ)
လျောင်းတော်မူ အုတ်တန်းဆောင်း (၂၀၁၀၊စက်တင်ဘာ)
အလှူခံဌာန နှင့် ထီးတော်ဟောင်းပြခန်း(၂၀၁၀၊စက်တင်ဘာ)
တောင်ဘက်ကြေးဂူတိုက်အနီးရှိ ရုပ်စုံတန်ဆောင်း(၂၀၁၀၊စက်တင်ဘာ)
ရုပ်စုံတန်ဆောင်းအတွင်းရှိ  သစ်သားပန်းပုလက်ရာများနှင့် မှန်စီရွှေချတိုင်ကြီးများ(၂၀၁၀၊စက်တင်ဘာ)
အနောင်တောင်ထောင့်ရှိ သူအိုသူနာတန်ဆောင်း(၂၀၁၀၊စက်တင်ဘာ)
သူအိုသူနာတန်ဆောင်းအတွင်းရှိ ရုပ်ကြွများ(၂၀၁၀၊စက်တင်ဘာ)
တောင်ဘက်စောင်းတန်းအနီးရှိ စင်္ကြဦးဂူဘုရား(၂၀၁၀၊စက်တင်ဘာ)
အရှ့ပနက်သဲဂူဘုရား(၂၀၁၀၊စက်တင်ဘာ)
ရှင်ဥပဂုတ္တ အုတ်တန်ဆောင်း(၂၀၁၀၊စက်တင်ဘာ)
စေတီတော်ကြီး၏ ပုံရိပ်ကို ဖူးမြော်နိုင်သော ရေချိန်တွင်း(၂၀၁၀၊ စက်တင်ဘာ)
စေတီတော်ကြီး၏ ပထမဆွမ်းဦးသပိတ်များ (၂၀၁၀၊စက်တင်ဘာ)
ရင်ပြင်တော်ရှိ ခေါင်းလောင်းတန်းများ(၂၀၁၀၊စက်တင်ဘာ)
ရင်ပြင်တော်တစ်နေရာမှာ..(၂၀၁၀၊စက်တင်ဘာ)
တစ်နှစ်ပတ်လုံးပွင့်သည် အဆိုရှိသောပန်းခရေပင်(၂၀၁၀၊စက်တင်ဘာ)
မည်သို့ပင်ဆိုစေကာမူ.......
ေ၇ွှစည်းခုံစေတီတော်မြတ်ကြီးနှင့်တကွ ပရ၀ုဏ်အတွင်းရှိ စေတီပုထိုး တန်ဆောင်း သိမ်ဇရပ်အမျိုးမျိုးတို့၏
ဗိသုကာလက်ရာများမှ ဖော်ပြမကုန်နိုင်အောင်များပြားလှပါတယ်...
ခင်မင်ရသော မိတ်ဆွေများအနေနှင့် ပုဂံကို ရောက်လျင် ရွှေစည်းခုံစေတီတော်ကြီးကို သွားရောက်ဖူးမြော်ပြီး မြန်မာ့ဗိသုကာလက်ရာများကို လေ့လာခံစားလှည့်ကြပါလို့ ဖိတ်ခေါ်ရင်း.......
(*Project အတူတူလုပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်)
(ဆန်းစနေ၀န်း)
Tuesday, October 9, 2012
သမီးလေးရဲ့ အတွေး (၁)
မင်္ဂလာပါရှင်
မီးလေးကတော့ အိမြတ်ချယ် ဖြစ်ပါတယ်ရှင့်.....
အိမ်နာမည်ကတော့ ဘေဘီစတုန်းလေးခေါ်ကြပါတယ်....မေမေကပြောတော့ ကျောက်တုံးသေးသေးလေးတဲ့..
နောင်တစ်ချိန်မှာ အဖိုးတန်ကျောက်လေးတစ်ပွင့် ဖြစ်လာစေချင်လို့တဲ့.....
တခါတလေ ဖေဖေ မေမေတို့က ချစ်စနိုးနဲ့ တုန်တုန်လေး... မီးလေးတုန်စသဖြင့်ခေါ်တတ်ပါသေးတယ်....
မီးလေးကတော့ အခု အသက် တစ်နှစ်ပြည့်ပြီးပါပြီ.....
မေမေကပြောတယ် "တုန်တုန်လေးက တစ်နှစ်ပြည့်ပြီးတာနဲ့ ဆိုးလာတယ် " တဲ့.....မီးလေးက ဆိုးချင်လို့ ဆိုးတာ  မဟုတ်ပါဘူး မေမေရယ်... မီးလေးက မေမေတို့ကို အရမ်းချစ်လို့ ဆိုးနွဲ့တာပါ....
အချိန်တိုင်း မေမေနဲ့ အတူနေချင်လို့ပေါ့....
မေမေနဲ့ အတူတူနေလို့ရအောင် မနက် မေမေ အိပ်ရာထပြီဆိုတာနဲ့ မီးလေးကလည်း မေမေနဲ့အတူတူ
နိုးထတာပေါ့..... မေမေကပြောတယ် "တုန်လေးက ကလေးပီပီ မအိပ်ဘဲ ဘာလို့ အစောကြီးနိုးနေတာလဲ " တဲ့ "မီးတုန်လေးအိပ်နေတော့ မေမေအလုပ်လုပ်လို့ရတာပေါ့ " တဲ့ ....ဟင့်အင်းမေမေ မီးလေးက မေမေ့အနားမှာ အမြဲနေချင်လို့ မေမေအိပ်ရာထတာနဲ့ အတူထတာပေါ့.....
မီးလေးသိတာပေါ့...မေမေအစောကြီးထပြီး ချက်ပြုတ်ပြင်ဆင်ပြီဆိုရင် မေမေရုံးသွားမယ့်ရက်ဘဲပေါ့..
ဒါဆိုရင် မေမေနဲ့ တစ်နေကုန်ခွဲရတော့မယ်ပေါ့....
မေမေရုံးသွားခါနီး ယူနီဖောင်းလဲရပြီဆိုရင် မီးလေး အရမ်းဝမ်းနည်းတယ်.....
မေမေက မနက်(၈)နာရီဆိုရင် ရုံးသွားရပြီ.... "မေမေက တုန်လေးရေ တာ့တာ မေမေရုံးသွားတော့မယ်" ဆိုရင် မီးလေးမျက်ရည်လည်ပြီပေါ့....
ချစ်တယ်မေမေရယ်..... မေမေနဲ့အတူတူ ရုံးလိုက်ချင်ပေမယ်လည်း မေမေက မီးလေးကို ရုံးခေါ်လေ့မရှိဘူး.....ရုံးကို ခေါ်ရင် မီးလေး အိမ်မှာလို အိပ်ချိန် စားချိန်မမှန်မှာစိုးလို့တဲ့ ပြီးတော့ ကားစီးရတာလည်း ပင်ပန်းမှာစိုးလို့တဲ့..... ပြီးတော့ မီးလေးကို ခေါ်သွားရင် မေမေလည်း အလုပ်ကောင်းကောင်း မလုပ်ရဘူးတဲ့...မီးလေးက မေမေ့ဆီဘဲ အတင်းတွယ်ကပ်နေလို့တဲ့....
မီးလေးကိုထိန်းပေးတဲ့ မမ မရှိတဲ့ရက်တွေတော့ မေမေက ရုံးခေါ်သွားတတ်ပါတယ်...ရုံးက မေမေ့ သူငယ်ချင်းတွေက မီးလေးကို ချီချင်ပေမယ်လည်း မီးလေးက မေမေ့ကို ဘဲ အမြဲဖက်တွယ် ထားတယ်...မေမေ နေ့လည်စာ မေမေ ထမင်းစားရင်တောင် မေမေ့ပေါင်ပေါ်မှာဘဲ
နေတယ်...မေမေ တွိုင်းလက် ၀င်ရင်တောင် မီးလေးကတော့ အတင်းတွယ်ကပ်လိုက်တာဘဲ....
မေမေက ရုံးသွားပြီဆိုရင် မီးလေးကိုထိန်းတဲ့ မမနဲ့အတူတူနေနေရတာ.. မမက ထမင်းကျွေးတယ်... .ရေချိုးပေးတယ်... အတူတူကစားပေးတယ်... အိပ်ချိန်ရောက်ရင် ချော့သိပ်တယ်...မမကိုလည်း ခင်ပါတယ်....ဒါပေမယ့် မေမေနဲ့ဘဲနေချင်တယ်....မေမေရုံးသွားတဲ့အချိန်တွေမှာ မေမေ့ကို လွမ်းလို့ ကလေးသီချင်းခွေတွေ ကြည့်တယ် ကာတွန်းကားလေးတွေကြည့်တယ်.....
မေမေက ညနေ(၅)နာရီမှ အိမ် ပြန်ရောက်တယ်...အဝေးက မေမေတို့ရုံးကားကြီး လမ်းထိပ်ရောက်ပြီး ဟွန်းတီးပြီဆိုတာနဲ့ မီးလေး အရမ်းပျော်တယ်... မေမေကားပေါ်က ဆင်းလာတာမြင်ရရင် မီးလေးက မေမေ့ကို လက်ပြပြီး အရင်နှုတ်ဆက်တယ်.....ပြီးတော့ အိမ်ခန်းရှေ့က လှေကားထိပ် ကနေ  မေမေကို အမြဲစောင့်ကြိုတယ်....ပြီးတော့ မေမေ့ရင်ခွင်ထဲတိုးဝင်ပြီး မေမေကို ဖက်ထားတယ်...ပြီးတော့ချိုချိုတွေ တ၀ကြီးစို့တာပေါ့.....ဟုတ်တယ်လေ..... မေမေနဲ့ ခွဲနေရတာ (၉)နာရီတောင်ရှိနေပြီ.....
တစ်ရက်ကပါ့...မေမေရုံးကပြန်လာချိန် ပြန်မရောက်လို့ မေမေ့ကိုမျှော်နေတာ...မေမေနောက်ကျမှ ပြန်ရောက်
တဲ့အပြင် ကလေးလေး တစ်ယောက်ကိုပါ ပွေ့ချီလာတာပေါ့....
မီးလေးမှ မေ့မေ့ကိုလွမ်းလို့မျှော်နေပါတယ်ဆိုမှ မေမေက မောင်လေးတစ်ယောက်ကိုပါအိမ်အထိ
ခေါ်လာတော့ မီးလေး ၀မ်းနည်းလိုက်တာ မပြောပါနဲ့တော့...မီးလေးက အော်ငိုပစ်တော့မှ..မေမေက အဲဒီ မောင်လေးကို မမကို ပေးပြီး မီးလေးကို ချီပြီး ချော့တာပေါ့...မေမေရယ် မီးလေးထက် ဘယ်သူမှ ပိုမချစ်ရဘူးနော်...မီးလေး မေမေကို ဘယ်သူမှ လူမယူရပါဘူး....
ဒီရက်ပိုင်းမှာလည်း ဖေဖေက သင်တန်း (၃)လ တက်နေရတော့ သမီးမှာ ဖေဖေ့ရင်ခွင်မှာလည်း မထိုင်ရဘူးပေါ့ ...ဖေဖေ့ ချော့မြူသံတွေလည်းမကြားရဘူး...ဖေဖေနဲံ အိပ်ရာပေါ်မှာ တူတူပုန်းတန်းလည်းမကစားရဘူး.....ဖေဖေနဲ့အတူတူ ဘောလုံးပွဲလည်း မကြည့်ရဘူး....
ပြီးတော့ ဖေဖေ့ဖုန်းထဲက ကြောင်လေးနဲ့လည်းမကစားရတာတော်တော်ကြာပြီ....
ဖေဖေ့ကိုလည်းလွမ်းလှပြီ.....ဖေဖေ့သင်တန်းပြီးမယ့်ရက်ကို မီးလေး မျှော်နေတာပေါ့....
ဖေဖေသင်တန်းပြီးလို့ ပြန်လာရင် ဖေဖေရယ် မေမေရယ် မီးလေးရယ် ညနေခင်းမှာ ဆိုင်ကယ်စီးချင်တယ်...ဆိုင်ကယ်ပေါ်မှာ ဖေဖေခါးကိုဖက်ပြီး မေမေ့ရင်ခွင်ထဲမှာ ထိုင်လိုက်ရတဲ့အရသာကို မီးလေးဘယ်တော့မှ မမေ့ပါဘူး....မြန်မြန် ပြန်လာပါတော့ ဖေဖေရယ်....
ဖေဖေရယ် မေမေရယ် မီးလေးရယ် အတူတူနေချင်လှပါပြီ.....
ဖေဖေ မေမေတို့ရဲ့ နွေးထွေးလုံခြုံတဲ့ မေတ္တာရိပ်မှာ ထာဝရနေချင်တဲ့
ဖေဖေ မေမေတို့ကို အရမ်းချစ်တဲ့
မီးလေးတုန်
(ဆန်းစနေ၀န်း)
Friday, September 14, 2012
မမေ့နိုင်သော အညာဘုရားပွဲတော်
"ရေပြင်ဖွေးဖွေး ဧရာဝတီကမ်းနံဘေးမှာ အလှမ်းမဝေးမြင်နိုင်ပါသေးသည်
အညာရပ်ဌာနီ မြောင်မြို့နယ်ဆီ
ရောက်ဖူးသူတိုင်း နောက်တစ်ခေါက်ထပ်ရောက်စေချင်သည်
ကျွန်တော်တို့ရဲ့ မြောင်မြို့ သည်ဌာနီ..."
အဆိုတော် မြောင်မြို့ချစ်ဆွေ မြောင်မြို့သန်းဌေး နှင့် မြောင်မြို့အုန်းမြင့်တို့မှ  မြို့လေးအကြောင်းကို သီကုံးရေးစပ်ဖွဲ့ဆိုထားတဲ့ "စစ်ကိုင်းတိုင်းက မြောင်မြို့ဌာနီ" ဆိုတဲ့ သီချင်းလေးပါ.....
ဒီသီချင်းလေးကို ငယ်ငယ်ကတည်းက နားယဉ်ခဲ့ပြိး အခုအချိန်ထိ နားထဲကြားရောင်မိနေဆဲပါ.....
ဒီသီချင်းလေးကို အမှတ်ရခြင်းနှင့်အတူ ကျွန်မတို့ မြို့ငယ်လေးရဲ့ ဘုရားပွဲတော်ကြီး အချိန်ကို ပြန်လည်သတိရမိပါတယ်.....
မကြာမှီ တော်သလင်းလရောက်ပါတော့မည်.....
တော်သလင်းလရာသီမှာ ကျွန်မတို့မြို့ရဲ့ ဦးဘုရား လို့ခေါ်တဲ့ ရွှေပေါ်ကျွန်းဘုရားပွဲတော်ကြီးကို
ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေ့ရှိပါတယ်.....
"၀ါဆိုဝါခေါင် ရေဖောင်ဖောင်" အချိန်ဖြစ်တဲ့အတွက် ကျွန်မတို့မြို့လေးရဲ့ အရှေ့ဘက်
တောင်သူလယ်ယာစိုက်ကွင်းပြင်တစ်ခုလုံးဟာ မြစ်ရေတွေ ဖုံးလွှမ်းပြီးတော့
မြို့လေးရဲ့နံဘေးမှာ ဧရာဝတီ ၀ပ်စင်းတဲ့အချိန်လည်း ဖြစ်တယ်.....
ပွဲတော်ရင်ခုန်သံ
ကျွန်မတို့ငယ်ငယ်က ပွဲတော်ရက်များရောက်တော့မည်ဆိုရင် ရင်တွေခုန်တယ်...
ပွဲဈေးတန်းဆိုင်ခန်းတွေဆောက်လုပ်ရန် ၀ါးလုံးတွေချနေပြီ ဆိုင်ခန်းတွေဆောက်နေပြီဆိုရင် ဘာရယ်လို့မသိ အရမ်းကို ပျော်ရွှင်ခဲ့တာ.....ကျောင်းသွားရင်း ဈေးဆိုင်တန်းတွေ ကြည့်ရတာ အမော.....
ပွဲမစခင်ကတည်းက တချို့နယ်လှည့်ဈေးဆိုင်တွေကရောက်နေတတ်တယ်..အဲဒီလို ရောက်နေလို့ကတော့
ကျောင်းသွားကျောင်းပြန် ဆိုင်တွေကိုငေးမောကြည့် ....လိုချင်တဲ့ ပစ္စည်းတွေမှတ်ထား....
အိမ်ရောက်ရင်ပူဆာ..... လိုက်ဝယ်ပေးခိုင်းခဲ့တာ....အမေတို့ကပြောတယ် ပွဲတော်ရောက်ရင် ဆိုင်တွေအများကြီး..အဲဒီအချိန်မှ ၀ယ်ဆိုလည်း မစောင့်နိုင်ခဲ့ဘူး..အမေ့ကို မရမက ပူဆာခဲ့တာတွေကိုလည်း အမှတ်ရမိပါသေးတယ်....
အခုအချိန်မှာလည်း ငယ်ငယ်တုန်းကလိုပါဘဲ.....ပွဲတော်ရင်ခုန်သံက မပြောင်းလဲသေးပါဘူး.....
မြို့လေးနဲ့ အဝေးကိုရောက်နေပေမယ့်လည်း အိမ်ကို ဖုန်းဆက်တိုင်း ပွဲတော်ဆိုင်ခန်းတွေဆောက်နေပြီလား...ဘယ်ဇာတ်ပွဲကမှာလဲ...မြစ်ရေတွေရော တိုးနေပြီလား...စသဖြင့် ရင်ခုန်စွာမေးမိပါသေးတယ်.....   
ပွဲတော်ရက်များ
ဘုရားပွဲတော်ကို နှစ်စဉ် တော်သလင်းလဆန်း(၇)ရက်မှ စတင်ပြီး
တော်သလင်းလပြည့်ကျော် (၈)ရက်နေ့လောက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်.....
လပြည့်နေ့မှာ ဘုရားကြီးမှာ မြို့လုံးကျွတ် ဆွမ်းလောင်းပွဲကျင်းပတယ်.....
ဗုဒဘာသာ မြန်မာလူမျိုးများပီပီ သဒ္ဒါတရားထက်သန်စွာ ပါဝင်လှူဒါန်းကြပါတယ်.....
ဘုရားပွဲရဲ့ အစည်းကားဆုံးရက်များကတော့ လဆန်း(၁၂) ရက်မှ လပြည့်ကျော်(၁) ရက်နေ့လောက်အထိ ဖြစ်တယ်... ပွဲဈေးတန်းတွေထဲမှာ လူတိုးမပေါက်တဲ့ရက်တွေပေါ့.....
ဧရာမြစ်ရေဟာ ဦးဘုရားခြေရင်းရောက်နေပြီဆိုရင်တော့ ဘုရားပွဲတော်ပိုပြီးစည်ကားပါတယ်...
မြို့ရဲ့ဓလေ့
မြို့သူ မြို့သားများသာမက မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာသူ ကျေးရွာသားအားလုံးဟာ တစ်နှစ်မှာ တစ်ခါသာ ကျင်းပတဲ့ ဒီပွဲတော်အချိန်ကို ရင်ခုန်စွာ စောင့်မျှော်နေတတ်ကြတယ်.....
ကျွန်မတို့မြို့နယ်တစ်ခုလုံးရဲ့ အဓိက  စီးပွားရေးဟာ တောင်သူလယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး
စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေကို ဒီအချိန်မှဘဲ ၀ယ်ယူစုဆောင်းလေ့ရှိကြတယ်....
မိမိတို့အတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းမှန်သမျှကို ပွဲတော်အချိန်မှဘဲ ၀ယ်ကြတယ်...
တစ်နှစ်ပတ်လုံး စုဆောင်းထားသမျှ ချွေးနှဲစာများနှင့်   ပွဲတော်ရက်မှာ သုံးကြ၀ယ်ကြတယ်....
အခြားမြို့ရွာများမှာ အသက်မွေးဝမ်းကျောင်းပြုသွားရောက်နေထိုင်ကြတဲ့သူများကလည်း ဒီပွဲတော်ရာသီမှာဘဲ မြို့လေးရဲ့ ပွဲတော်ကိုပြန်လာပြီး နွဲပျော်လေ့ရှိကြတယ်.....
ပွဲတော်ကို အနယ်နယ်အရပ်ရပ်မှ ကားလမ်းမှ ကား ထရော်လာဂျီ သုံးဘီးများနှင့် လာရောက်နိုင်သကဲ့သို့ မြစ်ကြောင်းမှလည်း လှေ စက်လှေများနှင့် လာရောက်လေ့ရှိပါတယ်.....
အဖွားတို့ခေတ်ကတော့ လှည်းများနှင့်လည်း လာကြတယ်လို့ကြားဖူးပါတယ်.....
ပွဲဈေးတန်းများ
ဒေသခံဈေးသည်များဟာ ပွဲတော်ဈေးတန်းများသို့ လဆန်း(၇)ရက်လောက်ကစပြီး ပြောင်းရွေ့
ရောင်းချပါတယ်.....
အခြားဒေသမှ လာရောက် ဈေးရောင်းချမည့် နယ်လှည့် ဈေးသည်များဟာ  ကုန်းလမ်းမှ ကုန်တင်ကားကြီးများနှင့် မြို့လေးကို လာရောက်နိုင်သလို မြစ်ကြောင့်မှလည်း စုန်ဆန်ချီပြီး စက်လှေ  သစ်ဖောင် ၀ါးဖောင်များနှင့် တင်ဆောင်ပြီး လာရောက်ရောင်းချတတ်ကြပါတယ်.....
ဈေးတန်းများမှာ ပုံမှန်ဈေးမှ ပြောင်းရွေ့ဖွင့်လှစ်တဲ့ လူသုံးကုန် စားသောက်ကုန်  အစားအသောက် အသားငါးတန်း ငှက်ပျောတန်းအစရှိသော ဈေးဆိုင်တန်းများ.... ပွဲတော်ရက်များမှသာ ရောင်းချသောသင်ဖြူး နှီးကျောဖျာ ဆိုင်တန်းတွေ...
ဗန်း စကော စကာအမျိုးမျိုးနှင့် တောင်းအမျိုးမျိုး အစရှိသော တောင်သူလယ်ယာသုံးပစ္စည်းတွေ...
လက်ယက်ကန်းနှင့် ရက်လုပ်ထားတဲ့ ဖျင်ထည်တွေ... စက်ယက်ကန်းနှင့်ရက်လုပ်တဲ့ မြန်မာ့ချည်ထည်တွေ
ဝါး လှည်းဝင်ရိုး လှည်းဆံ ထန်းပိုးကြီး အစရှိသော နွားလှည်းမှာအသုံးပြုမယ့်ကိရိယာတွေ...
သစ်သားပရဘောဂ ပစ္စည်းတွေ...ငွေထည်ပစ္စည်း ကြေးထည် ပစ္စည်းတွေရောင်းချသော ဆိုင်တန်းတွေ..ဖျင်းအိုး ဒယ်အိုး အစရှိသော မြေထည် ပစ္စည်းတွေ ....ရာဝင်အိုး ဆယ်ဝင်အိုး အစရှိသော စဥ့်ရည်သုတ်ပစ္စည်းတွေရောင်းချသော ဆိုင်တန်းတွေ....အ၀တ်အစား အထည်အလိပ် ဆိုင်တန်းတွေ...အသုံးအဆောင် ပစ္စည်းရောင်းချတဲ့ ဆိုင်တန်းတွေ...
အစားအသောက် ဆိုင်တန်းတွေ...စသဖြင့် အမျိုးအစား စုံလင်လှပါတယ်.....
ပျော်ပွဲရွှင်ပွဲများ 
ဇာတ်ပွဲများအနေနှင့် လဆန်း(၁၁)ရက်ညမှ လပြည့်ညအထိ ဇာတ်တစ်ဖွဲ့၊ လပြည့်ကျော်(၁)ရက်ညမှ လပြည့်ကျော်(၅)ရက်ည အထိ ဇာတ်တစ်ဖွဲ့ ၊ စုစုပေါင်းနှစ်ဖွဲ့ ဖျော်ဖြေလေ့ရှိကြတယ်......
ကျွန်မတို့ ငယ်ငယ်ကဆိုရင် မန္တလေးသိန်းဇော်..ချမ်းသာ ဆန်းဝင်း..မိုးဝင်း မိုးမင်း..နန်းဝင်း နန်းခင်မွှေး.. ချစ်ဖွယ် အစရှိတဲ့ ဇာတ်ပွဲတွေ ကလေ့ရှိတယ် ...အခုနောက်ပိုင်းမှာတော့ ဖိုးချစ်..တင်မောင်ဆန်းမင်းဝင်း.. စွမ်းဇာနည်..ဟန်ဇာမိုးဝင်း စတာတွေပေါ့.....
မှတ်မိပါသေးတယ် ..ကလေးဘ၀ ဆိုရင် ပွဲအရမ်းကြည့်ချင်တာ...ကျွန်မအစ်မအပျိုတွေ ပွဲကြည့်သွားကြပြီဆိုရင် တအားလိုက်ချင်တာ...မလိုက်ရတဲ့အခါ  အမေက ကျွန်မကျေနပ်အောင် ပွဲဈေးတန်းလျှောက်ပတ်ပြပြီး မုန့်လိုက်ကျွေးလေ့ရှိတယ်...
တခါတလေလေးများ အစ်မတွေ ခေါ်လို့ ပွဲလိုက်ရရင် အရမ်းပျော်တာ... တကယ်တမ်းပွဲပြတဲ့အချိန်မှာတော့ အစ်မပေါင်ပေါ်မှာ အိပ်ပျော်နေပြီပေါ့.....
ဒါအပြင် ဆပ်ကပ် မျက်လှည့် ရုပ်သေး အစရှိတဲ့ ဖျော်ဖြေမှုများကလည်း ပွဲတော်ရက်တလျှောက်လုံး တင်ဆက်တယ်.....ကျွန်မငယ်ငယ်ကတော့ တုတ်ထိုးရုပ်လို့ခေါ်တဲ့ ရုပ်သေး ပွဲကို တအားကြိုက်တာ.....
ညပိုင်းမှာဆိုရင်တော့  ချား ရဟတ်တွေလည်း လူတိုးမပေါက်အောင်ပါဘဲ စည်ကားလှပါတယ်.....
ကျွန်မငယ်ငယ်ကတော့ ရဟတ်ကို တစ်ခါဘဲစီးဖူးတယ်...တစ်ခါစီးပြီးကြောက်တာနဲ့ ထပ်ပြီး မစီးရဲ့တော့ဘူး...ရဟတ်တက်သွားတာ မကြောက်ပေမယ့် အဆင်းမှာတော့ အရမ်းရင်တွေတုန်ပြီး ကြောက်တာ.....ချားကတော့ ကလေးဘ၀တုန်းက ခဏခဏ စီးဖူးတယ်.....
အလှဓာတ်ပုံဆိုင်များမှာလည်း ဓာတ်ပုံရိုက်သူများနှင့် ပြည့်နှက်နေတာပေါ့.....ကျွန်မတို့ ငယ်ငယ်ကဆိုရင် သူငယ်ချင်းများနှင့် စုပြီး ပုံစံအမျိုးမျိုးနှင့် အလှဓာတ်ပုံရိုက်လေ့ရှိကြတယ်.....မှတ်မိပါသေးတယ် ငယ်ငယ်က ရှမ်းရိုးရာဝတ်စုံဝတ်ပြီး အလှဓာတ်ပုံရိုက်ခဲ့တာတွေကိုရောပေါ့....
အခုဆိုရင် ပွဲတော်ကို မရောက်ဖြစ်တာ(၅)နှစ်ရှိပါပြီ.....ခေတ်မှီလာတာနှင့်အမျှ ကျွန်မတို့ ငယ်ငယ်ကပွဲတော်နှင့် အခုအချိန်ပွဲတော်မှာ ကွာခြားချက်များလည်း ရှိနေပေမည်.....
မည်သို့ပင်ရှိနေစေကာမူ ကျွန်မအပါအ၀င် ကျွန်မတို့ မြို့နယ်သူမြို့နယ်သားတွေကတော့
ရွှေပေါ်ကျွန်းဘုရားပွဲတော်ရက်များကို စောင့်မျှော်နေတတ်ကြတာကတော့ မပြောင်းလဲတဲ့ရင်ခုန်သံများဖြစ်ပါတော့တယ်.....
ချစ်ရတဲ့ မိတ်ဆွေ သူငယ်ချင်းများလည်း ကျွန်မတို့ မြောင်မြို့လေးရဲ့ တော်သလင်းလ
 ရွှေပေါ်ကျွန်းဘုရားပွဲတော်ကြီးကို  လာရောက်ခဲ့ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်..... 
(ဆန်းစနေ၀န်း)