Tuesday, October 9, 2012

သမီးလေးရဲ့ အတွေး (၁)

မင်္ဂလာပါရှင်
မီးလေးကတော့ အိမြတ်ချယ် ဖြစ်ပါတယ်ရှင့်.....
အိမ်နာမည်ကတော့ ဘေဘီစတုန်းလေးခေါ်ကြပါတယ်....မေမေကပြောတော့ ကျောက်တုံးသေးသေးလေးတဲ့..
နောင်တစ်ချိန်မှာ အဖိုးတန်ကျောက်လေးတစ်ပွင့် ဖြစ်လာစေချင်လို့တဲ့.....
တခါတလေ ဖေဖေ မေမေတို့က ချစ်စနိုးနဲ့ တုန်တုန်လေး... မီးလေးတုန်စသဖြင့်ခေါ်တတ်ပါသေးတယ်....
မီးလေးကတော့ အခု အသက် တစ်နှစ်ပြည့်ပြီးပါပြီ.....


မေမေကပြောတယ် "တုန်တုန်လေးက တစ်နှစ်ပြည့်ပြီးတာနဲ့ ဆိုးလာတယ် " တဲ့.....မီးလေးက ဆိုးချင်လို့ ဆိုးတာ  မဟုတ်ပါဘူး မေမေရယ်... မီးလေးက မေမေတို့ကို အရမ်းချစ်လို့ ဆိုးနွဲ့တာပါ....
အချိန်တိုင်း မေမေနဲ့ အတူနေချင်လို့ပေါ့....

မေမေနဲ့ အတူတူနေလို့ရအောင် မနက် မေမေ အိပ်ရာထပြီဆိုတာနဲ့ မီးလေးကလည်း မေမေနဲ့အတူတူ
နိုးထတာပေါ့..... မေမေကပြောတယ် "တုန်လေးက ကလေးပီပီ မအိပ်ဘဲ ဘာလို့ အစောကြီးနိုးနေတာလဲ " တဲ့ "မီးတုန်လေးအိပ်နေတော့ မေမေအလုပ်လုပ်လို့ရတာပေါ့ " တဲ့ ....ဟင့်အင်းမေမေ မီးလေးက မေမေ့အနားမှာ အမြဲနေချင်လို့ မေမေအိပ်ရာထတာနဲ့ အတူထတာပေါ့.....


မီးလေးသိတာပေါ့...မေမေအစောကြီးထပြီး ချက်ပြုတ်ပြင်ဆင်ပြီဆိုရင် မေမေရုံးသွားမယ့်ရက်ဘဲပေါ့..
ဒါဆိုရင် မေမေနဲ့ တစ်နေကုန်ခွဲရတော့မယ်ပေါ့....
မေမေရုံးသွားခါနီး ယူနီဖောင်းလဲရပြီဆိုရင် မီးလေး အရမ်းဝမ်းနည်းတယ်.....
မေမေက မနက်(၈)နာရီဆိုရင် ရုံးသွားရပြီ.... "မေမေက တုန်လေးရေ တာ့တာ မေမေရုံးသွားတော့မယ်" ဆိုရင် မီးလေးမျက်ရည်လည်ပြီပေါ့....

ချစ်တယ်မေမေရယ်..... မေမေနဲ့အတူတူ ရုံးလိုက်ချင်ပေမယ်လည်း မေမေက မီးလေးကို ရုံးခေါ်လေ့မရှိဘူး.....ရုံးကို ခေါ်ရင် မီးလေး အိမ်မှာလို အိပ်ချိန် စားချိန်မမှန်မှာစိုးလို့တဲ့ ပြီးတော့ ကားစီးရတာလည်း ပင်ပန်းမှာစိုးလို့တဲ့..... ပြီးတော့ မီးလေးကို ခေါ်သွားရင် မေမေလည်း အလုပ်ကောင်းကောင်း မလုပ်ရဘူးတဲ့...မီးလေးက မေမေ့ဆီဘဲ အတင်းတွယ်ကပ်နေလို့တဲ့....
မီးလေးကိုထိန်းပေးတဲ့ မမ မရှိတဲ့ရက်တွေတော့ မေမေက ရုံးခေါ်သွားတတ်ပါတယ်...ရုံးက မေမေ့ သူငယ်ချင်းတွေက မီးလေးကို ချီချင်ပေမယ်လည်း မီးလေးက မေမေ့ကို ဘဲ အမြဲဖက်တွယ် ထားတယ်...မေမေ နေ့လည်စာ မေမေ ထမင်းစားရင်တောင် မေမေ့ပေါင်ပေါ်မှာဘဲ
နေတယ်...မေမေ တွိုင်းလက် ၀င်ရင်တောင် မီးလေးကတော့ အတင်းတွယ်ကပ်လိုက်တာဘဲ....

မေမေက ရုံးသွားပြီဆိုရင် မီးလေးကိုထိန်းတဲ့ မမနဲ့အတူတူနေနေရတာ.. မမက ထမင်းကျွေးတယ်... .ရေချိုးပေးတယ်... အတူတူကစားပေးတယ်... အိပ်ချိန်ရောက်ရင် ချော့သိပ်တယ်...မမကိုလည်း ခင်ပါတယ်....ဒါပေမယ့် မေမေနဲ့ဘဲနေချင်တယ်....မေမေရုံးသွားတဲ့အချိန်တွေမှာ မေမေ့ကို လွမ်းလို့ ကလေးသီချင်းခွေတွေ ကြည့်တယ် ကာတွန်းကားလေးတွေကြည့်တယ်.....

မေမေက ညနေ(၅)နာရီမှ အိမ် ပြန်ရောက်တယ်...အဝေးက မေမေတို့ရုံးကားကြီး လမ်းထိပ်ရောက်ပြီး ဟွန်းတီးပြီဆိုတာနဲ့ မီးလေး အရမ်းပျော်တယ်... မေမေကားပေါ်က ဆင်းလာတာမြင်ရရင် မီးလေးက မေမေ့ကို လက်ပြပြီး အရင်နှုတ်ဆက်တယ်.....ပြီးတော့ အိမ်ခန်းရှေ့က လှေကားထိပ် ကနေ  မေမေကို အမြဲစောင့်ကြိုတယ်....ပြီးတော့ မေမေ့ရင်ခွင်ထဲတိုးဝင်ပြီး မေမေကို ဖက်ထားတယ်...ပြီးတော့ချိုချိုတွေ တ၀ကြီးစို့တာပေါ့.....ဟုတ်တယ်လေ..... မေမေနဲ့ ခွဲနေရတာ (၉)နာရီတောင်ရှိနေပြီ.....

တစ်ရက်ကပါ့...မေမေရုံးကပြန်လာချိန် ပြန်မရောက်လို့ မေမေ့ကိုမျှော်နေတာ...မေမေနောက်ကျမှ ပြန်ရောက်
တဲ့အပြင် ကလေးလေး တစ်ယောက်ကိုပါ ပွေ့ချီလာတာပေါ့....
မီးလေးမှ မေ့မေ့ကိုလွမ်းလို့မျှော်နေပါတယ်ဆိုမှ မေမေက မောင်လေးတစ်ယောက်ကိုပါအိမ်အထိ
ခေါ်လာတော့ မီးလေး ၀မ်းနည်းလိုက်တာ မပြောပါနဲ့တော့...မီးလေးက အော်ငိုပစ်တော့မှ..မေမေက အဲဒီ မောင်လေးကို မမကို ပေးပြီး မီးလေးကို ချီပြီး ချော့တာပေါ့...မေမေရယ် မီးလေးထက် ဘယ်သူမှ ပိုမချစ်ရဘူးနော်...မီးလေး မေမေကို ဘယ်သူမှ လူမယူရပါဘူး....

ဒီရက်ပိုင်းမှာလည်း ဖေဖေက သင်တန်း (၃)လ တက်နေရတော့ သမီးမှာ ဖေဖေ့ရင်ခွင်မှာလည်း မထိုင်ရဘူးပေါ့ ...ဖေဖေ့ ချော့မြူသံတွေလည်းမကြားရဘူး...ဖေဖေနဲံ အိပ်ရာပေါ်မှာ တူတူပုန်းတန်းလည်းမကစားရဘူး.....ဖေဖေနဲ့အတူတူ ဘောလုံးပွဲလည်း မကြည့်ရဘူး....
ပြီးတော့ ဖေဖေ့ဖုန်းထဲက ကြောင်လေးနဲ့လည်းမကစားရတာတော်တော်ကြာပြီ....
ဖေဖေ့ကိုလည်းလွမ်းလှပြီ.....ဖေဖေ့သင်တန်းပြီးမယ့်ရက်ကို မီးလေး မျှော်နေတာပေါ့....
ဖေဖေသင်တန်းပြီးလို့ ပြန်လာရင် ဖေဖေရယ် မေမေရယ် မီးလေးရယ် ညနေခင်းမှာ ဆိုင်ကယ်စီးချင်တယ်...ဆိုင်ကယ်ပေါ်မှာ ဖေဖေခါးကိုဖက်ပြီး မေမေ့ရင်ခွင်ထဲမှာ ထိုင်လိုက်ရတဲ့အရသာကို မီးလေးဘယ်တော့မှ မမေ့ပါဘူး....မြန်မြန် ပြန်လာပါတော့ ဖေဖေရယ်....
ဖေဖေရယ် မေမေရယ် မီးလေးရယ် အတူတူနေချင်လှပါပြီ.....



ဖေဖေ မေမေတို့ရဲ့ နွေးထွေးလုံခြုံတဲ့ မေတ္တာရိပ်မှာ ထာဝရနေချင်တဲ့
ဖေဖေ မေမေတို့ကို အရမ်းချစ်တဲ့
မီးလေးတုန်
(ဆန်းစနေ၀န်း)



8 comments:

  1. ချစ်စရာကောင်းတဲ့ ကျောက်တုန်းသေးသေးလေးကိုကြည့်နေတာပါ
    အောက်ကပုံလေးကို ချစ်လိုက်တာ
    မီးလေးတုန်တုန်ရေ တီတီကြီးစံပယ်ရောက်ခဲ့တယ်နော်
    ကျန်းမာပျော်ရွှင်ပြီး ပါစေ

    ReplyDelete
    Replies
    1. တီတီစံပယ်ရေ မီးလေးတုန်ဆီကို လာလည်တဲ့အတွက်
      ကျေးဇူးတွေ အများကြီး အများကြီး တင်ပါတယ်လို့

      Delete
  2. တုန်တုန်လေးက ချစ်ချရာလေး။ ချစ်လိုက်တာ။

    ReplyDelete
    Replies
    1. မီးလေးကို ချစ်တဲ့ တီတီကိုလည်း ကျေးဇူး အထူးတင်ပါတယ်

      Delete
  3. ဘေဘီစတုန်းလေးက ကြီးလာရင် ဒိုင်းမွန်စတုန်းလေးပေါ့

    ReplyDelete
    Replies
    1. ကွန်းမင့်လေးတွေ အမြဲပေးတတ်တဲ့ ဦးဦးလွင်ပြင်ကိုလည်း A lot of Thanks ပါ

      Delete
  4. ချစ်စစရာလေး..မီးလေးတုန်ရေ.. ရာရောက်အားပေးသွားပါတယ်..

    ReplyDelete
    Replies
    1. အားပေးတဲ့ တီတီကိုလည်း မီးလေးက ကျေးဇူးကမ္ဘာ ပါ

      Delete