Thursday, November 28, 2013

အလွမ်းသင့်ရတု



 သားရေ ရတု အမှတ်တရ........
 ဘ၀ရဲ့ စညွှန်းရာ
ရင်ဆိုင်ကာ ပျံသန်းရင်း
ကံကြမ္မာရဲ့ ထုဆစ်ချက်
တွဲလက်တွေ ခိုင်မြဲရင်း

တေးသီကျူးတဲ့ နံနက်ခင်းတွေ
အဖော်မဲ့စွာ ခံစားရင်း
လွမ်းမောဖွယ် ညနေခင်းတွေ
 အထီးကျန်စွာဖတ်သန်းရင်း

ပျော်ရွှင်ဖွယ် အတိတ်ပုံရိပ်တွေ
ယစ်မူးစွာ တမ်းတရင်း
ငြိမ်းချမ်းဖွယ် မိသားစုကမ္ဘာလေီးသို့
ရင်ခုန်စွာ မှန်းဆရင်း

အလှဆုံးအပြုံးလေးများ
နှလုံးသားမှာ ပန်ဆင်ရင်း
အလွမ်းများစွာနှင့် သားရေရတုမှသည်
အေးချမ်းပျော်ရွှင်ဖွယ်
ရတုအဆက်ဆက်ဆီသို့
လှမ်းလို့ရွယ်ချီ
*********** 

(ဆန်းစနေ၀န်း)

Saturday, July 13, 2013

ခွင့်ပန်လွှာ

နှလုံးသားလေးတစ်ခု 
သန္ဓေတည်ခဲ့တယ်.....

သူ့အတွက် ခံစား
သူ့အတွက် ဖန်တီး
သူ့အတွက် ရင်ခုန်
သူ့ရဲ့အလှ သူ့ရသတွေ တသသခံစားရင်း.....

သံယောဇဉ် နှောင်ချည်
မြတ်နိုးမှုတွေ အရစ်တိုး
ပီတိတွေ လွှမ်းခြုံ
ရင်ခုန်တမ်းချင်း များစွာနဲ့.....

သူဟာ ကိုယ့်ဘ၀ရဲ့ ရင်ဖွင့်နားခိုရာ
သူဟာ ကိုယ့်ဘ၀ရဲ့ မှတ်တိုင်
သူဟာ ကိုယ့်ဘ၀ရဲ့ ကြေးမုံ
သူဟာ ကိုယ့်ဘ၀ရဲ့ အနုပညာ.....

သို့ပေမယ့်လည်း.....
အလုပ်ရေး လူမှုရေး
အိမ်မှု အရေး ရောယှက်ကာသန်း
စိတ်ဝယ်မှန်းပေမယ့်
သူ့ထံ မခစားနိုင်တာ ရက်လတာရှည် ကြာချေပြီ.....

ထို့ကြောင့်.....
နှလုံးသားလေးထံ ခွင့်ပန်လွှာလေး ဆက်သချင်ပါသည်.....

(ကိုယ့်ဘ၀ရှင်သန်နေသမျှ နှလုံးသားလေးကိုလည်း လှပစွာ ရှင်သန်ထုဆစ်နေအုံးမှာပါ)
(ဆန်းစနေ၀န်း)





Tuesday, January 22, 2013

သမီးလေးရဲ့ ကဗျာ



 ပြည့်ပြည့်ဖောင်းဖာင်း ၀ိုင်းမျက်နှာ
အလှပဂေး ချစ်စရာ
ထူထူထဲထဲ မျက်ခုံးလေး
ဖေဖေ မေမေ ထပ်တူပေး

ကော့ညွတ်သွယ်တဲ့ လှမျက်တောင်
မေမေ့ အလှဆောင်
ရွန်းလဲ့လဲ့ မျက်ဝန်းလေး 
ဖေဖေ့ ကလုန်းလေး

နှုတ်ခမ်းကလေး စုချွန်ကာ
တီတာစကား ခွန်းချိုသာ
 သာပိုကြီးတဲ့ ယုန်သွားလေး
မီးတုန်လေးရဲ့ လန်းမတ် ကလေး

အိထွေးလှတဲ့ ပါးအစုံ
သနပ်ခါးနံ့ လွှမ်းကာခြုံ
ဘေးနှစ်ဖက်က ပါးချိုင့်လေး
အပြုံးချိုချို စဉ်အမြဲပေး

လှုပ်ကာကွေးကာ ကလိုက်တာ
ကစ်ကစ်တုတ်တုတ် လက်ကလေးပါ
တောက်တောက်လျှောက်တဲ့ ခြေထောက်လေး
ဟိုဟိုဒီဒီ လျှောက်ကာပြေး

 ကကြီး ခခွေးရေးရတာ
မီးလေး မမောနိုင်ပါ
စာအုပ်မြင်ရင် ဖတ်တာမနှေး
တကျည်ကျည်နဲ့လေး 

ကာတွန်းကားလည်း မီးကြိုက်ပြန်
တေးသီချင်းပါမကျန်
ဖုန်းသံကြားရင် အသံပေး
ဟယ်လိုသံ ညံလို့တေး

ပန်းကလေးတွေလည်း နှစ်ခြိုက်တယ်
စိတ်ထားနူးညံ့တယ်
တအားချစ်တဲ့  ငှက်ကလေး
တကျိကျိနဲ့ ခေါ်ကာပေး

ဘဲလေးလိုလည်း အော်တတ်တယ်
တဂတ်ဂတ်နဲ့ကွယ်
ကြောင်လေးရေလို့ ခေါ်ရင်မနှေး
တညောင်ညောင်တဲ့လေး

ဘုရားစင်ရှေ့ ရောက်ရင်နာ်
သာဓု အမြဲခေါ်
မြတ်ဗုဒ္ဒရဲ့ ရောင်ဝါလွှမ်း
မီးလေးစဉ်ငြိမ်းချမ်း

ဖေမေ တို့ရဲ့ အသည်းကျော်
ဖိုးဖွားမေတ္တာလွှမ်းခြုံသော်
ဦးဦးဒေါ်ဒေါ်တို့ရဲ့ အချစ်ပန်း
ကိုကိုမမတွေက ဖက်ကာနမ်း

ချစ်စရာကောင်းတဲ့ မေ့သမီးငယ်
စိတ်နှလုံးလည်း လှစေကွယ်
အောင်မြင်လှတဲ့ အနာဂတ်လမ်း
လောကအကျိုး ရွက်ကာထမ်း
ဖေဖေမေမေ့ ရင်ငြိမ်းပန်း
*********
 (ဆန်းစနေ၀န်း)






Thursday, November 29, 2012

ဂွမ်းရတု မှသည်


နှင်းငွေ.လွှမ်းခြုံသိုင်းတဲ့
နိုဝင်ဘာလရဲ့
နေ့ကောင်းရက်မြတ်
(၂၈) ဆိုတဲ့ မင်္ဂလာနေ့ထူးမှသည်
ယနေ့တိုင်ဆီ
(၂)နှစ်တိုင်ချေပြီ

လွန်ခဲ့သော နှစ်များဆီက
 စေတနာတွေ တူညီ
ခံစားချက်တွေ ဖလှယ်
ဝါသနာတွေ ရောယှက်
ဦးတည်ချက် တစ်ခုဆီ 
အတူလျှောက်လှမ်းကြရင်း
နှစ်ယောက်ကမ္ဘာလေးထဲမှာ
ဗိသုကာ အလှပန်း
မြိုင်ဆိုင်စွာ ပွင့်လန်းစေဖို့
တို့လက်တွေ ခိုင်မြဲခဲ့ကြတယ်

ဖန်ခါးမြေမှာ
တည်တဲ့ အုတ်မြစ်
နေပြည်သစ်မှာ ထပ်မံရစ်လို့
မိသားစုကမ္ဘာလေးထဲမှာ
ပျော်ရွင်မှုတွေကို မျှဝေရင်း
ဝမ်းနည်းမှုတွေကို နှစ်သိမ့်ရင်း
အောင်မြင်မှုတွေကို ခံစားရင်း
သောကတွေကို အားပေးကြရင်း
ဘ၀ရဲ့ ရသမျိုးစုံ ရင်ဆိုင်ကြရင်း
တို့လက်တွေ ခိုင်မြဲခဲ့ကြတယ်

အချစ်တွေ ရင်ဝယ်ထား
သံယောဇဉ်နဲ့ နှောင်ချည်
နားလည်မှု လက်တွဲ
အကြင်နာလက်တွေ ခိုင်မြဲပြီး
အေးချမ်းသာယာတဲ့
ရိပ်မြုံလေးတစ်ခု
ဖန်တီးရင်း
ဂွမ်းရတုမှသည်
ရတုအဆက်ဆက်ဆီသို့
လှမ်းလို့ရွယ်ချီ
***********
(ဆန်းစနေ၀န်း)


Tuesday, November 20, 2012

အိုဘယ့်တန်ဆောင်



 ဗြိစ္ဆာရာသီ လတန်ဆောင်ဆီ
တရွေ့ရွေ့ လှမ်းလို့ချီနေပြီ
မြောက်ပြန်လေ ရွှင်ရွှင်လန်း
လှုပ်ရှားမြူးဆော့ လေပြေလမ်း

အအေးဓာတ်နှင့် နှင်းပွင့်ပန်းချီ
ပေါင်းဆုံဆည်းလို့ အေးမြပြီ
 လေယူရာလန်း ခ၀ဲပန်း
မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်ကာလန်း

နှစ်လွှာရွက်ကြား ပန်းစွယ်တော်
ခရမ်းကဗျာ ဖန်ဆင်းလေသော်
စိမ်းဝါရောင်သန်း မဲဇလီပင်တန်း
တန်ဆောင်အလှ ရှုမငြီးတမ်း

ရနံ့သင်းတဲ့ ဆောင်းပိတောက်ဝါ
ဝန်းကျင်တစ်ခုလုံးလွှမ်းမိုးစွာ
နီနီဝါ၀ါ ပန်းစိန်ပန်း
ရောင်စုံခြယ်ကာ အလှဖြာဆန်း

ရင့်သံကျူးတဲ့ ဘုံကထိန်တေးသံ
ရပ်ရှစ်ခွင်လုံး စီစီညံ
အိုးစည် ဒိုးပတ် တီးကာလှမ်း
သာသာယာယာ ပျံ့လွင့်စမ်း

စေတနာသဒ္ဒါ ထက်သန်စွာ
ပဒေသာပင်များ ဖန်တီးကာ
လှူဒါန်းကြ နိဗာန်ရည်မှန်း
မြင့်မြတ်လှတဲ့ ကထိန်သင်္ကန်း

သူ့ထက်ငါ ပြိုင်ဆိုင်စွာ
မသိုးသင်္ကန်း ရက်ကြရာ
နေ့မကူးဘဲ တို့လှူဒါန်း
ရည်ရွယ်မျှော်တမ်း မြတ်ဗုဒ္ဒလမ်း

ပံ့သကူပွဲ ဆင်နွဲပျော်
စေတနာတရား ရှေ့ထားနော်
ကျီးမနိုးပွဲ စနောက်ရမ်း
ချစ်ခင်ကြည်စွာ အပြုံးပန်းဆမ်း

 မီးပုံးပွဲလည်း မြိုင်ဆိုင်စွာ
မီးရှူးမီးပန်း အလှဆန်းမှာ
ဟိုဟိုဒီဒီ ရောင်စုံပန်း
ဝန်းကျင်တခွင် အလှဆင်မြန်း

ဆေးပေါင်းခတဲ့ ညအဖြစ်နော်
မဲဇလီသုတ် စားကြမနော်
ကောင်းကင်ယံ ပြည့်လ၀န်း
ကြယ်တာရာများ ခရံဝန်း

 ထူးကဲလှတဲ့  လမြတ်မဟာ
နိုင်ငံတ၀န်းလုံး ဆင်နွဲကာ
မြိုင်ဆိုင် တင့်ဆန်း အလှပန်း
တန်ဆောင် တန်ဆောင်ပန်း
*********
(ဆန်းစနေ၀န်း)