Tuesday, May 29, 2012

စာရေးခြင်းအနုပညာ

စာရေးတယ်ဆိုတာ လှပတဲ့ အနုပညာလေးတစ်ခုပါဘဲ

ရေးချင်တဲ့ အကြောင်းအရာလည်းရှိရမယ်.....
စိတ်ခံစားချက်လည်းရှိရမယ်.....
အာရုံဝင်စားမှုလည်းရှိရမယ်.....
စိတ်ကြည်လင်လန်းဆန်းနေရမယ်.....
စာရေးချင်တဲ့ စိတ်ဆန္ဒရှိနေပေမယ့်လည်း အခြားစိတ်အာရုံနောက်စရာ ကိစ္စတွေရှိနေရင် ဘယ်လိုမှ ရေးလို့မရဘူး.....
စိတ်ခံစားမှုမပါဘဲ ရေးရင်လည်း အနှစ်သာရ ရှိမယ်မထင်ဘူး.....

ဒီလို လှပတဲ့ အနုပညာတစ်ရပ်ကို ထုဆစ်ဖို့ကြိုးစားရင်း.....
(ဆန်းစနေ၀န်း)

Monday, May 28, 2012

သမီးလေးအတွက် မေမေ့မှတ်တမ်း(၂)


ဒီနေ့ မေလ(၂၈)ရက်နေ့
သမီလေး baby stone အသက် (၉)လ ပြည့်ပြီ....
သမီးလေးဟာ ပိုပြီးသိတတ်နားလည်လာတယ်....
ဖေဖေ မေမေ တို့ရဲ့ အမြုတေရတနာလေး ဖြစ်တယ်.....
မြောင်က ဘဘ အမေကြီး မမမေခင် မမရွှေစင်တို့ရဲ့  အသည်းကျော်လေးဖြစ်သလို
ကြံခင်းက ဖိုးဖိုးဖွားဖွား ဦးလေးဖိုးသားတို့ရဲ့ အချစ်ဆုံးလေးလည်း ဖြစ်တယ်.....
အခုဆိုရင် ပလီတာတာစကားလေးတွေပြောတတ်နေပြီ.....
သီချင်းလေးတွေလည်း စိတ်ကူယဉ်ပြီး ဆိုတတ်နေပြီ....
သင်္ကြန်သီချင်းလေးဆိုပြီး လက်ခုပ်တီးပေးလို့ကတော. လက်ကလေးတွေချိုးပြီးကတတ်နေပြီ.....
သူသဘောကျသောအရာတွေ့လျင်လည်း ပါးစပ်လေးတဖြဲဖြဲ လက်ကလေးတရမ်းရမ်းနေတတ်တာပင်.....
သူဖေဖေ့ ဆံပင်တွေလည်းဖွဖွလေးဆွဲတတ်သလို မျက်နှာကိုလည်း သူ့လက်ဖ၀ါးသေးသေးလေးနဲံ တဖတ်ဖတ် ရိုက်တတ်နေပြီ.....
ပါးစပ်ကစကားလေးတွေတီတာတာပြောရင်း မေမေ့မျက်နှာပြင်ကို ပွတ်သပ်ရတာလည်းအမောဘဲ.....
(၈.၄.၂၀၁၂)နေ့ ရေပန်းဥယာဉ် အမှတ်တရ
သမီးလေးဟာ ကလေးကစားစရာပစ္စည်းလေးတွေထက် ကြိုးစလေးတွေ စက္ကူစတွေ ဗူး ပုလင်းလေးတွေကို ပိုပြီးစိတ်ဝင်စားတယ်.....
စာရွက် စာအုပ်တွေ သူ့လက်ထဲရောက်လို့ကတော. တစစီဖြစ်လို့နေပြီဘဲ.....
သူလက်ကလေးနဲ့ ကိုင်လို့ရတဲ့ ပလပ်စတစ်ဘူးလေးတွေ အရမ်းသဘောကျတယ်.....
သူဖေဖေရဲ့ ကွန်ပြူတာ ကီးဘုတ်ကို နှိပ်ရတာလည်း အမောဘဲ.....
ကျွန်မရဲ့ ပိုက်ဆံအိတ်ကိုင်ရတာကိုလည်း ကြိုက်တယ်.....
ပြီးတော့ တွေ့ကရပစ္စည်းတွေကိုလည်း အကုန်ပါးစပ်ထဲထည့်တတ်နေပြီ....
ဟိုတနေ့ကဆို ရေသန့်ဗူးအဖုံးလေးကို သူ့ဟာသူ ပါးစပ်ထဲထည့်ပြီးပါးစပ်ထဲမှာ ကြပ်ပြီး ပြန်ထုတ်မရလို့ ၀ူးဝူးဝါးဝါးအော်တော့တာဘဲ...
အိမ်ရှေ့မှာ အမှတ်တရ
လမ်းလျှောက်ကျင့်တဲ့ ကွင်းလေးနဲ့ အိမ်အတွင်းလှည့်ပတ်သွားလာရင်း သူလက်လှမ်းမှီသော အရာတွေကို ဆွဲတော.တာပါဘဲ ...လက်လှမ်းမမှီရင်လည်း ခြေဖျားလေးထောက်ကာထောက်ကာ လှမ်းဆွဲတတ်တာပင်....
သူ့အမေကြီး ဟင်းချက်ဖို့  ဟင်းသီးဟင်းရွက်တွေ သင်ရင်လည်း သူမပါလို့မပြီး.....နေရာတကာ စပ်စုတတ်တာပင်.....
ကြမ်းပြင်မှာ ပိုးကောင်လေးတွေ ပု၇ွက်ဆိပ်လေးတွေ လှုပ်လှုပ်ရွရွသွားရင်တောင် သူ့မျက်လုံးလေးကမြင်တတ်တယ်....ပုရွက်ဆိပ်လေးနောက် လက်ကလေးတရွေ့ရွေ့နဲ့ လိုက်ဖမ်းတော့တာပင်.....
ပြီးတော့သမီးလေးဟာ ကြော်ငြာလေးတွေကြည့်တတ် ကြိုက်တတ်နေပြီ.....
စီလင်းကြော်ငြာလေးဟာ သူ့အကြိုက်ပါဘဲ.....
အခုရက်ပိုင်းမှာဆို ကာတွန်းကားလေးတွေကို စိတ်ဝင်တစားကြည့်တတ်နေပြီ.....
အံမယ် ဘောလုံးပွဲလေးကြိုက်သေးတယ် သူအဖေ ဘောလုံးပွဲကြည့်ရင် သူကပါငြိမ်ပြီးကြည့်နေတတ်တာ.....
သူငယ်ချင်း ပူတူတူး နှင့်ဆော့ကစားရင်း အမှတ်တရ
သမီးလေးဟာ အစားအသောက်ကိုမမက်မောဘူး.....သူကိုထမင်းကျွေးရတာ လူ(၃)ယောက်လောက် ချော့မြူပြီးကျွေးရတာ တခါကျွေးရရင် နာရီဝက်လောက်ကြာတယ်....အစားအာရုံမရဘဲ ကစားချင်တာဘဲသိတယ်....
ထမင်းကို အများကြီးမစားပေမယ့် နို့အစို့သန်တော့ ၀ကစ်နေတာပေါ့.....
သမီးလေးဟာ အိပ်ရင်လည်း အိပ်ရာတစ်ခုလုံးနှံ့အောင်လှိမ့်တော့တာဘဲ.....
အိပ်ချင်မူးတူးနဲ့ သုံးလေးပတ်လောက် လှိမ့်ပြီးအိပ်တတ်သေးတယ်.....ကုတင်ပေါ်ကလိမ့်ကျမှာ စိုးပြီး အကာအရံတွေလုပ်ထားရတယ်.....အခုဆိုရင် အရမ်းဇိမ်ခံတတ်တယ်...အအေးကြိုက်တဲ့သူတော့ ယပ်တောင် အမြဲခတ်ပေးရတယ်...ပူတာနဲ့ တလှိမ့်လှိမ့်ဖြစ်တော့တာဘဲ ...အံမယ်ခေါင်းလေးကိုပွတ်သပ်ပေးရင် သဘောတကျနဲ့ ငြိမ်ပြီးပြန်အိပ်တာ.....
ချစ်စရာ မီးမီးတုန်တုန်



သမီးလေးဟာ အပြင်ထွက်ရတာကို အရမ်းသဘောကျတယ်.....
မီးမီးရေ အပြင်သွားရအောင်ဆိုလို့ကတော့ လိုက်ပြီသာမှတ်.....
ပုံမှန် သူမလိုက်ချင်တဲ့သူဆိုရင်တောင် ဆိုင်ကယ်ဦးထုတ်ဆောင်းထားပြီ ဆိုလို့ကတော့ အဲဒီလူဆီ တန်းလိုက်တော့တာဘဲ.....
အ၀တ်အစားသစ် ၀တ်ထားပြီဆိုရင် အပြင်ထွက်တော့မယ်ဆိုသိပြီး အဲဒီနောက်ကို မျက်လုံးကမခွာဘဲ သူ့ကိုခေါ်အောင် လက်ကလေးလှမ်းပေးတတ်သေးတယ်.....

ပြီးတော့ ဖုန်းပြောတာလည်းနားထောင်တတ်သေးတယ်.....မြောင်အိမ်က သူ့မမများနှင့်လည်း ဖုန်းပြောရင်လည်း ဟိုဘက်ကပြောတာကို ငြိမ်နားထောင်ပြီး တီတီတာတာလေးတွေ ပြောတော့တာဘဲ.....ကြံခင်းက ဖွားဖွားက ဖုန်းထဲကနေ တုန်တုန်ရေလို့ ခေါ်လိုက်တာနဲ့ အရမ်းသဘောတွေကျပြီး ပလီတာတာလေးတွေ ပြန်ပြောတတ်တတ်တာ.....

အို......ဖေဖေမေမေတို့ရဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ သမီးလေးရေ.....
သမီးလေးရဲ့ နှုတ်ခမ်းပေါ်မှာ အလှဆုံးအပြုံးလေးများကို အမြဲတမ်း သိမ်းပိုက်ထားနိုင်ပါစေလို့ ဆန္ဒပြုရင်း
ချစ်တဲ့.....ဖေဖေ မေမေ
(ဆန်းစနေ၀န်း)

Monday, May 21, 2012

အမေ(၂)

အမေ.......
၂၀၁၂ ဇန်န၀ါရီ...ဓာတ်ပေါင်းစုစေတီ အမှတ်တရ
အခုဆိုရင် အမေ့အသက် (၇၀)ကျော်လို့ (၄)နှစ်တောင်စွန်းစွန်းရှိတော့မယ်.....
အသက်တွေ ဘယ်လောက်ပင်ကြီးကြီး အမေဟာ ကျွန်မတို့အတွက်တော. နုပျိုဆဲပါဘဲ.....
ကျွန်မတို့တွေကလည်း အမေ့အပေါ် အခုအချိန်ထိ နွဲ့ဆိုးဆိုးနေတုန်းပါဘဲ.....

အမေအိမ်ကို အလည်ပြန်သွားရင်လည်း အမေက ချက်ပြုတ်ကျွေးမွေးသလို ကျွန်မတို့အိမ် အမေလာလည်ရင်လည်း အမေကဘဲ ချက်ပြုတ်ကျွေးမွေးတာပင်.....
ဒါတင်ဘယ်ကမလဲ အမေဟာ ကျွန်မတို့ ရဲ့ သမီးလေးကိုလည်း ထိန်းပေးရသေးတယ်.....
သားသမီးတွေကို ပြုစုစောင့်ရှောက်ရသလို မြေးလေးတွေအထိပါ ပြုစုပေးနေတုန်းပင်.....
နေ့ခင်းဘက် ကျွန်မတို့ အလုပ်သွားတဲ့ အခါမှာ အမေဟာ သူ.မြေးမလေးကို တစ်နေကုန် စောင့်ရှောက်တယ်.....
ညဘက် အိပ်တဲ့အခါ ကလေးနိုးတဲ့အခါ ကျွန်မကမနိုးဘဲ အမေကပင် ချော့မြူကာ သမီးလေး အိပ်အောင် ပြန်သိပ်ခဲ့တာပင်.....
သမီးလေးကို အမေချော့သိပ်တဲ့ မဗေဒါ သီချင်းသံလေးကြားရင် ကျွန်မကိုယ်တိုင် ကလေးလေးဘ၀ပြန်ရောက်သွားသလို ခံစားရတယ်.....
အမေ့ရဲ့ တုန်ရီနေတဲ့ ကလေးချော့တေးသံကို နားထောင်ရင်း မျက်ရည်ဝဲမိသေးတယ်
ကိုယ်ကိုယ်တိုင် ကလေးလေးတစ်ယောက်လို ပြန်ခံစားရတယ်.....

အမေဟာ...လူအပင်ပန်းခံရုံတွင် မကပါဘူး....အခုအချိန်အထိ ကျွန်မတို့ရဲ့ စီးပွားရေးလိုအပ်ချက်တွေကို ပံ့ပိုးပေးနေတုန်းပင်.....
ကျွန်မတို့ လူလားမြောက်အောင်ပံ့ပိုးပေးယုံတင်မကပါဘူး.....ကျွန်မတို့ ကိုယ့်အလုပ်အကိုင်နှင့် အခြေတကျဖြစ်ပြီး အိမ်ထောင်ရက်သားကျနေသည့်တိုင်အောင် အမေ့ရဲ့ ထောက်ပံ့မှူတွေက မကုန်နိုင်ပင်.....
အမေ.ရဲ့ကျေးဇူးအနန္တကို ပြန်ဆပ်နိုင်အောင် ကြိုးစားနေလျက်နှင့် အခုအချိန်ထိတိုင်အောင် မဆပ်နိုင်သေးပေ.....
အမေအသက်ကြီးတာသိနေလျက်နှင့်ပင် အမေ့အပေါ် ဆိုးနွဲ့နေချင်သေးတယ်.....
အမေ.ကျေးဇူးတပွေ့တပိုက်ကို ရင်ဝယ်ပိုက်ခံစားရင်း.....
(မေလ ဒုတိယပတ် တနင်္ဂနွေနေ့..ကမ္ဘာ့မိခင်များနေ့ ဂုဏ်ပြုလျက်) 
(ဆန်းစနေ၀န်း)

Thursday, May 3, 2012

လမြတ်ကဆုန်

လမြတ်ရယ်တဲ့ ကဆုန်
အလှတွေ စုံထူးပါလို့
ဂိံမာန်မှ ၀ဿန်အလှမ်းဝယ်
ထူးမြတ်တဲ့ ရာသီ ဗြိ

ပန်းအလှဒေ၀ီ
ငု စိန်ပန်း ရောကာသီချယ်လို့
လေယူရာကြူကြူမွှေးတယ်
စံပယ် ပုန်းညက် နှင့် မြတ်လေး။

သရက် နှင့် မာလကာ
မြစိမ်းရောင်ပြည့်ဝမ်းစာ စပါးခင်းတွေရယ်နဲ့
သာရကာ ကျေးငှက်တွေရယ်က
ခွန်းဆက်ကြပေါ့လေး။

ရိုးရာဓလေ့ အလှအမွေ
မြတ်ဗုဒ္ဓတရားတွေ ဦးထိပ်ပန်ဆင်လို့
ဗောဓိပင်ညောင်ရေသွန်းကြမယ်
သွားကြစို့လေး။
(ဆန်းစနေ၀န်း)


Monday, April 30, 2012

မိုး

နွေလေရူးတို့ နှုတ်ဆက်ကြလေပြီ.....
မိုးရနံ့သင်းပျံ့လာချေပြီ.....
စံပယ် ပုန်းညက် မြတ်လေး အလှပဂေးတို့ နေရာယူကြလေပြီ.....
ကျေးငှက်သာရကာတို့ စိုးစီစိုးစီ ပျော်မြူးတော့မည်.....
ပြည့်ဝမ်းစာ စပါးခင်းကော်ဇောများဖြင့် ကမ္ဘာမြေကို အလှဆင်တော့မည်.....
စိမ်းလန်းသော ပတ်ဝန်းကျင်အဖြစ် လှသွေးကြွယ်တော့မည်.....
မကြာမီ...ဂိမာင်္န်မှ ၀သာန်သို့ ကူးပြောင်းတော့မည်.....
(ဆန်းစနေ၀န်း)

Tuesday, April 10, 2012

နွေ

နွေ....
အရမ်းကဗျာဆန်တယ်.....
ပတ်ဝန်းကျင်တခွင်လုံးမှာ တမာရနံ့တွေသင်းပျံ့နေပြီ
စိန်ပန်းတို့ကလည်း နီဝါရောင်စုတ်ချက်များနှင့် လှသွေးကြွယ်နေပြီ
ငုဝါပန်းတို့ကလည်း ပင်ယံထက်က အခိုင်လိုက်ဝေေ၀ဆာဆာ ညွှတ်ကျနေလေပြီ
ချယ်ရီပန်းနှင့် ဆင်ဆင်တူတဲ့ ငုစပ်ပန်းတို့ကလည်း ပန်းရောင်ကမ္ဘာကို ဖန်တီးထားကြပြီ
မိုးလေးတဖြိုက်နှစ်ဖြိုက်ကျ သည်နှင့် ပန်းပိတောက်ဝါတို့ မွှေးပျံ့လှပတော့မည်
သင်္ကြန်တေးသံတို့ကလည်း ဟိုဟိုဒီဒီ ညိမ့်ညောင်းသာယာစွာ ပျံ့လွင့်နေပြီ
မကြာမီ အတာပွဲ နွဲရတော့မည်......
(ဆန်းစနေ၀န်း)

Tuesday, March 27, 2012

ဖန်ခါးမြေအမှတ်တရ စာတိုပေစလေးများ (၂)

သူ..........
  • သူ.ကို ထန်းရိပ်ညိုတို့ မိသားစုက ၀န်းရံထားတယ်.....
  • ဘုရားငါးဆူနှင့် တံတားအို တို့ကလည်း သူရဲ့ပသာဒကို တင့်တယ်စေတယ်......
  • ပြာလဲ့လဲ့ရေကန်မဟာနှင့် ပန်းကြာဝတ်မှုန်တို့ကလည်း သူ့ခြေရင်းမှာ ၀ပ်ဆင်းကြတယ်.....
  • နှမ်းခင်းစိမ်းနှင့် ၀ါ ပြောင်း ပဲမျိုးစုံတို့ဆွေမျိုးတစ်စုကလည်း သူ့ထံပါးမှာ ရာသီအလိုက် အလှည့်ကျ ခစားကြပြန်တယ်.....
  • စိန်းပန်းနီဝါတို့ အမွှာမောင်နှမကလည်း သူရဲ့အလှကို ပြည့်စုံစေတယ်.....
  • ကုက္ကိုယ် တမာ မဲဇလီ ရေတမာတို့ သူငယ်ချင်းတစ်စုကလည်း သူ.ရင်ခွင်ရိပ်ကို အေးမြစေတယ်.....
  • လေပြေညင်းသွဲ.သွဲ.ကတော့ သူ့ပတ်ဝန်းကျင်မှာ လူးလာခေါက်တုန်ပြုရင်း လန်းဆန်းစေတယ်.....
  • လမ်းမြေနီကတော့ သူ့ရိပ်မြုံအတွင်းမှာ ကွန်ရက်သဖွယ် ဖြန့်ကျက်ထားတယ်.....  
  • ဖြူပြာရောယှက်တဲ့ အလှဝတ်ရုံကို ဆင်မြန်းထားကြတဲ့ အိုဘယ့်လူသားတွေကတော့ သူ့ဘ၀ရဲ့ အသက်သွေးကြောတွေပါဘဲ.....   
သူဟာ ဘယ်သူလဲ................
(ဆန်းစနေ၀န်း)