Friday, February 16, 2018

Valentines' Day


ဗယ်လင်တိုင်းဒေး
**************

ချစ်သူရေ
ဗယ်လင်တိုင်းတဲ့
သူတိုင်းချင်ရာတိုင်း
မဟိုင်းတဲ့ အချစ်တွေနဲ့
အမြဲမအို
နုပျိုတဲ့ အချစ်တွေမို့
တို့တွေအတွက်
နေ့ရက်တိုင်းဟာ
ဗယ်လင်တိုင်းနေ့ပေါ့

(သူရေးတဲ့ ကဗျာ)
 ဆန်းစနေ၀န်း

Friday, December 1, 2017

ကြင်စဦးမှသည် အနာဂတ်ဆီသို့

 
သူရယ် ကိုယ်ရယ်ကြင်စဦး
ထူးကဲလှ နိုဝင်ဘာ
ပျိုစင်ကညာနဲ့ စုလျားရစ်
ချစ်များစွာနဲ့ တည်ထောင်ကြ
အိမ်ထောင်အစပေါ့ ကြင်ကြင်နာ
မြင်မြင်ရာ အလှထူး
ပျော်ရွှင်မြူးကြ မောင်မယ်နှစ်ဦး
အဦးအစ သာသာယာ
တစ်ခါ တစ်ခါ ဘဝခါး
သြော်ဒါက လောကဓံလား
နှစ်ယောက်သား တူတွန်းလှန်
ကျွမ်းပြန်ချင် ပြန်စေဦးတော့
ပေါ့ပေါ့လေးစိတ်မှာထား
အခါးပြန် အချိုလှည့်လာပါလိမ့်
သိပ်ဗျာပါများနဲ့မေရယ်
အရှေ့ဆီမှာရောင်နီထွန်းပြီမို့
တွန်းလှန်ကွယ့် အတူရုန်းစို့
အမှောင်ကွယ်လင်းစမြဲမို့
မခွဲအတူ ခရီးဆက်ပါစို့
မနက်ဖြန်ဆိုတာ တို့တွေတွက့်
ရွက်ခါသာ တာဝန်ထမ်း
မြန်းကာသာ ရှေ့ဆက်လှမ်းပါစို့
တို့ဘဝရှေ့ရေး.....

(သက္ကလပ်ရတု အမှတ်တရ သူရေးတဲ့ကဗျာ)
ဆန်းစနေ၀န်း

Friday, October 20, 2017

သစ္စာ

 


ကိုယ်
စီးဆင်းခဲ့သော လမ်းတလျှောက်မှာ
အမှိုက်တစ်စအဖြစ် မရှုပ်ခဲ့ပါဘူး
ခဲတစ်လုံးအဖြစ် မနာကျင်စေခဲ့ပါဘူး
ခလုတ်တစ်ခုအဖြစ် မယိုင်လဲစေခဲ့ပါဘူး 
ဆူးညောင့်တစ်ခုအဖြစ် မထိတ်လန့်စေခဲ့ပါဘူး

ကိုယ့်လက်တစ်စုံနဲ့
ဖေးမကူညီခဲ့ဖူးတယ်
ကိုယ့်မေတ္တာဓာတ်နဲ့
နွေးထွေးစေခဲ့တယ်
ကိုယ့်စေတနာနဲ့
လှပစေခဲ့တယ်
ကိုယ့်ဝန်းကျင်တလျှောက်
အရောင်တောက်စေခဲ့တယ် 

ဤ သစ္စာစကားကြောင့် 
ကိုယ်လျှောက်နေသော
လမ်းတလျှောက်မှာ
အကွေ့အကောက်
ဘယ်လောက်ပင်များများ
ကိုယ့်အိမ်မက်လမ်း 
အရောက်လှမ်းနိုင်ပါရစေသား။
........................
(ဆန်းစနေန်း)


Monday, February 6, 2017

ရန်ကုန်မြိျု့နှင့် ထိတွေ့ခြင်း (၁)

YBS နှင့် ဆုံစည်းမှု
ရန်ကုန်မြေနဲ့ တစိမ်းဖြစ်နေတာ ကျောင်းပြီးကတည်းက (၁၀)စုနှစ် တစ်ခုကျော်ပါပြီ။
ရံဖန်ရံခါရောက်ဖြစ်ပေမယ့်အလုပ်ကြောင့် အချိန်လုပြီး သွားလာရတဲ့အတွက် Taxi ဘဲစီးဖြစ်တာများပြီး ဘတ်စ်ကားမစီးဖြစ်ခဲ့ပါဘူး။
ဒီနေ့တော့ အလုပ်သွားရမယ့် အချိန်တွေပိုနေတာရယ်  YBS ကို အားပေးချင်တဲ့ အတွက်ကြောင့် ဘတ်စ်ကားစီးဖို့ ဆုံးဖြတ်ပြီး အောင်မင်္ဂလာကားကွင်းထဲရှိ လက်ဘက်ရည်ဆိုင်မှ ဆိုင်ရှင်ကို မှတ်တိုင်နေရာမေးပြီး ကားကွင်းရှေ့ ဘတ်စ်ကားမှတ်တိုင်ကို ခြေလျင်လျှောက်ခဲ့တယ်။ မှတ်တိုမှာ ၁ မိနစ်လောက်ဘဲရပ်စောင့်ရသေးတယ် ကိုယ်သွားချင်တဲ့ MICT Park ကိုရောက်နိုင်တဲ့ အနီးဆုံးနေရာ ပြည်လမ်းပေါ်ရောက်နိုင်တဲ့ နံပါတ် (၃၅) က ပြည်လမ်းလို့ အော်နေတာနဲ့ ကားပေါ်ကို အလျင်စလို တတ်လိုက်ရတယ်။ လူကတော့ မနက် (၆း ၁၅) လောက်ဖြစ်တော့ အရမ်းများသေးပါဘူ။ နေရာလည်းရတယ်။ ပထမအကြိမ် ကျေးဇူးတင်မိတယ်။
 ပြတင်းပေါက်နံဘေးနေရာရပြီး ရန်ကုန်မြို့ ပြသက်ဝင်မှုများကို ငေးရင်းတွေးရင်း   လေ့လာမိတယ်။ 
 အေးမြတဲ့ လေနုအေးက လမ်းဆန်းမှုကို ဖြစ်စေတယ်။ ဘေးဘီကို ငေးရင်း မြောက်ဥကလာ ခေမာသီ ပန်းခြံအတွင်း ရေကန်ပတ်လည်မှာ နံနက်ခင်းကျမ်းမာရေးလေ့ကျင့်ခန်းလုပ်နေ ပြေးနေတဲ့ လူတွေများစွာ ကို တွေ့ရပါတယ်။  မြို့ပြနေလူတွေအတွက်တော့ ဒီနေရာလေးဟာ အဖိုးမဖြတ်နိုင်တဲ့ Recreation Space လေးတစ်ခုဖြစ်ပါတယ်။ မွန်းကြပ်တဲ့ မြို့ပြနေလူထုအတွက် ဒီလို Space လေးတွေ များစွာ လိုအပ်ပါတယ်။ ညနေခင်းအချိန်မှာရော ကလေးတွေ ကစားရာနေရာလေးတွေ ဖြစ်နေမယ်ဆိုတာ တွေးကြည့်မြင်ရောင်မိပါတယ်။
အတွေးစနဲ့ ငေးရင်း ဘတ်စ်ကားဟာ မြောက်ဥကလာ ဂုံးကျော်ပြီး ရှစ်မိုင်ဘက်ကိုရောက်ပါတယ်။ ကိုယ်ဆင်းရမယ့်နေရာနီးလာတော. အတွေးစကိုဖြတ်နာရီကြည့်လိုက်တော့ ကိုယ်ခန့်မှန်းထားတဲ့ အချိန်ထက်စောနေသေးတယ်။ ဒါနဲ့ ဆင်းရမယ့်နေရာမဆင်းသေးဘဲ တံတားဖြူမှတ်တိုင်ရောက်မှ ဆင်းပြီး လိုက်ပြီး အင်းလျားကန်ဘောင် ကို သွားမယ် စိတ်ကူးလိုက်တယ်။ ပြီးတော့ ကိုယ့်ရဲ့ (၂၀၀) ကျပ်တန် YBS ရွေးချယ်မှုကို ကျေနပ်မိတယ်။
အင်းလျားကန်ဘောင်
 ခြေမချဖြစ်တာ အတော်ကြာပြီဖြစ်တဲ့ ရန်ကုန်မြီု့ပြရဲ့ အရေးအပါဆုံး Green Area/ Blue area တစ်ခုရဲ့ နံနက်ခင်းဟာ လှပစွာနိုးကြားသက်ဝင်နေတယ်။  စိမ်းလန်းအေးမြတဲ့ ပတ်ဝန်းကျင်ဟာ တောက်ပတဲ့ နေရောက်ခြည်အောက်မှာ ညင်သာစွာ လှပနေတယ်။ ခိုတွေ အုပ်လိုက်ပျံသန်းပြီး အင်းလျာအလှကို ဖြည့်စွက်နေကြတယ်။ 
များသောအားဖြင့် အသက်ကြီးပိုင်း လူကြီးတွေ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်သူလုပ် လမ်းလျှောက်သူလျှောက်နဲ့ လှပနေပါတယ်။ တချို့ကတော့အ ပြေးလေ့ကျင့်နေကြတယ်။ တချို့ကတော့ အုပ်စုလိုက် စီးပွားရေး နိုင်ငံရေး လူမှုရေး စတဲ့ အရေး များစွာ ဆွေးနွေးပြီး ကန်ဘောင်တလျှောက်လမ်းလျှောက်ကြတယ်။ တချို့က သီချင်းဖွင့်ပြီး ကျန်းမာရေး ကစားနေကြတယ်။ တချို့ကတော့ ကန်ဘောင်ခုံတန်းမှာ ထိုင်ပြီး ရေဒီယိုနားထောင်နေတယ်။ တချို့ကတော့ ကန်ဘောင်လှေခါးထစ်တွေအတိုင်း အတက်အဆင်းလေ့ကျင့်ခန်းလုပ်နေကြတယ်။
ကန်ဘောင်တလျှောက်မှာတော့ အမှိုက်ပုံးတွေ တော်တော်များများတွေ့ရတယ်။ လမ်းပေါ်မှာလည်း အမှိုက်တွေ မတွေ့ရတဲ့အတွက် အားလုံး စည်းကမ်းလိုက်နာမှုတွေကြောင့် ကျေနပ်မိပါတယ်။ ရေထဲလည်း အမှတ်တမဲ့ ပစ်မချမိဖို့လည်း လိုအပ်ပါတယ်။ စည်းကမ်းလိုက်နာဖို့ ညွန်းကြားထားတဲ့ ဆိုင်းဘုတ်တွေလည်းတွေ့ရတယ်။
ကန်စက်နေရာတစ်ချို့က ဆောက်လက်စ အဆောက်အဦတွေကြောင့် ကန်ပတ်ဝန်းကျင်မှာ ဘယ်လို ဆိုးကျိုးတွေ ဖြစ်နိုင်မလဲ မခန့်မှန်းနိုင်ပေမယ့် ဒီလို အေးချမ်းသာယာတဲ့ ပတ်ဝန်းကျင်လေး ပျက်စီးသွားမှာ စိုးထိတ်မိတယ်။
တခဏတာ လေ့လာမိသလောက်တော့ အရမ်းကောင်းတဲ့ ပတ်ဝန်းကျင်လေး Green Space, Social Space, Public Space လေး ဖြစ်နေပါတယ်။ ဆက်လက်ထိန်းသိမ်းနိုင်ပါစေ မျှော်လင့်မိပါတယ်။
အင်းလျားမှတဆင့် ကိုယ်သွားမယ့် MICT Park ကိုတော့ Taxi ခ (၁၀၀၀)ကျပ် ပေးပြီး သွားလိုက်တော့တယ်။ ကားကွင်းအပြန်လည်း ဒီလိုဘဲ Combined Transportation အသုံးပြုလိုက်တာ အရင်က အသွားအပြန် (၁၀၀၀၀) ကုန်တဲ့ ခရီးက (၂၄၀၀) ကျပ်နဲ့ အဆင်ပြေခဲ့တယ်။
 (ဆန်းစနေ၀န်း)


Thursday, July 21, 2016

စုန်ဆင်းနေတဲ့ မြစ်တစ်စင်း

စီးဆင်းခဲ့... စီးဆင်းမြဲ... စီးဆင်းအုံးမှာပါ....
 
ကလေးနှစ်ယောက်အမေ ရုံးတက်အလုပ်လုပ်ရသူတစ်ယောက်အဖို့ မနက်ခင်းတိုင်းရဲ့ စက္ကန့်တိုင်းဟာ တန်ဖိုးရှိလှပါတယ်။ မနက် ကိုယ်အိပ်ရာထရင် သူတို့လေးတွေလည်း နိုးပြီး လိုပ်ထတတ်တာမို့ အလုပ်က သိပ်မတွင်ကျယ်လှပါဘူး။သူတို့ မျက်နှာသစ် သန့်ရှင်းရေးလုပ် ပြီးရင် ကဗျာသီချင်းဖွင့်ပြထားပြီး မနက်စာအတွက် စီစဉ်ရတယ်။(နေ့ခင်းစာအတွက်ကတော့ ချက်ရန်ပြင်ဆင်ထားတာတွေကို ကိုယ်က အပေါ်ယံ ချက်လိုက်ရုံပါဘဲ။ အမြန်ကျက် တဲ့ ဟင်းမျိုးဘဲ ချက်ရတယ်။)
ကိုယ်ရုံးမသွားခင် သူတို့လေးတွေ ဗိုက်ဝဖို့အရေးကြီးတယ်။ 
အကြီးမလေးလည်း  မူကြိုမသွားခင် မနက်စာ ၀၀လေးကျွေးလိုက်ချင်တယ်။ သူက အစားကိုနည်းတာ။ ကိုယ်ထည့်ပေးတာလေး ကုန်အောင်စားရင်ဖြင့် ကိုယ့်မှာပီတိဖြာ ကျေနပ်လို့။
 နေ့လည်စာတော့ ကျောင်းကျွေးတယ်။ အရင်လတွေက ကျောင်းမှာ နေ့လည်စာစားရင် မကုန်တော့ သူမှာ stress တွေဖြစ်လို့။ အခုရက်ပိုင်းတော့ဖြင့် ထမင်းလည်းကုန်အောင်စားနိုင်တယ်တဲ့။ သူလည်းကျောင်းပျော် ကိုယ်လည်းကျေနပ်ပေါ့။
အငယ်လေးဆိုရင်လည်း ကိုယ်ရုံးတက်ချိန်မှာ အိမ်မှာတနေကုန်ထားခဲ့ရတာ။ အဲဒီတော့ ကိုယ်မသွားခင် မနက်စာ ၀၀လေးကျွေးချင်တာ။ ကိုယ်ကျွေးတဲ့ အစားစားတဲ့ ရက်ဆိုရင် ကျေနပ်ပြီး မစားဘူးဆိုရင်တော့ ကလေးများ ဗိုက်ဆာနေမလား၊ ပိန်သွားတော့မလား စသဖြင့် တွေး စိတ်ပူနေရတာ။
 ဒီမနက်လည်း ခါတိုင်းလိုဘဲ။ ၀ုန်းဒိုင်းကျဲတဲ့ မနက်ခင်းပေါ့. ကလေးနှစ်ယောက်က လွယ်လွယ်ကူကူ မနက်စာ ကျွေးလို့ရပြီး ကိုယ့်အတွက် တော့ ရုံးရောက်မှ စားပါတော့မယ်လေ ဆိုပြီး ရုံးကားမလာခင် (၁၀)မိနစ်အလိုမှာ သားလေးကို နို့တိုက်နေတာ။ 
အိမ်ကို ခဏ အလည်ရောက်နေတဲ့ အမေက သမီးမသွားသေးဘူးဆိုရင် အမေထမင်းလေး ပြင်ပေးမယ် စားလိုက်အုံးဆိုပြီး ကိုယ်သိပ်ကြိုက်တဲ့ ပဲပြုတ်ဆီဆမ်းလေးနဲ့ ငပိကြော်လးကို ဇွန်းတပ်ပြင်ဆင်ပေးတယ်။ အော် အဲဒီအခါမှ အမေလည်း ထမင်းစားလေ ဆိုပြီး
ဧည့်သည်အမေကို ကိုယ်ကထမင်းကျွေးဖို့ သတိပြန်ရတယ်။ သမီးစားစား အမေပြီးမှ စားမယ် ဆိုပြီး ကိုယ်ထမင်းစားတာကို စောင့်ကြည့်နေတဲ့ ကိုယ်အမေကို ကြည့်ပြီး ၀မ်းနည်းလာတယ်။ မိဘတိုင်းဟာ ဒီလိုပါဘဲ။ ဘာမဟုတ်တဲ့ အရာလေးအတွက်တောင် သူတို့အတွက်မကြည့် ။ သားသမီးအတွက်ဘဲ ဦးစားပေးစဉ်းစားတယ်။ 
အမေရယ်
အမေကတော့ သမီးတို့အတွက် အရင်ကလည်း စီးဆင်းခဲ့တယ်... အခုလည်း စီးဆင်းဆဲပါ...နောင်လည်း ဆက်လက်စီးဆင်းနေအုံးမှာပါ။
ထာဝရစုန်ဆင်းနေတဲ့ မြစ်တစ်စင်းပေါ့......
ကိုယ်လည်း သားသမီးတွေအတွက် ..... ကြိုးစားရင်း
(ဆန်းစနေန်း)



Friday, July 15, 2016

ကျွန်မဘဝရဲ့ ၂၄နာရီ

(photo credit from google)

ကျွန်မဘဝရဲ့ ၂၄နာရီကို ဘယ်လို အသုံးချနေသလဲဆိုတော့


၁။ ကျွန်မ ကလေးလေးတွေအတွက် အချိန်ပေးရပါတယ်။ တနေကုန်ရုံးတက်နေရတဲ့ ကျွန်မအဖို့တော့. အိမ်မှာ ရှိနေချိန်များမှာ သားနဲ့သမီးအတွက် ပေးရတဲ့အချိန်ကများပါတယ်။ ကလေးတွေအတွက် စိတ်ဓာတ်ခွန်အားရှိစေဖို့ ရုပ်ပိုင်းဆိုင်ရာ ဖွံြ့ဖိုးစေဖို့ အစစအရာရာ ဂရုစိုက်ပေးရပါတယ်။
(၁)နှစ်ခွဲအရွယ်ရှိတဲ့ သားလေးနဲ့ စကားတွေပြောပေးရတယ်။ ချော့မြူပေးရတယ်။ အတူတူ ကစားပေးရတယ်။ အစားအသောက်လေးတွေ ကိုယ်တိုင်ကျွေးမွေး ပြုစုပေးရတယ်။ သီချင်းတွေဖွင့်ပြီး အတူတူဆို အတုတူကပေးရယ်။ အိမ်အောက်ဆင်းပြီး လမ်းလျှောက်ပးရတယ်။  (၅)နှစ်အရွယ် သမီးလေးအတွက်ကျောင်းက ပြန်လာရင် ကျောင်းကအကြောင်းလေးတွေ နားထောင်ပေးရတယ်။ အတူတူ ကစားပေးရတယ်။ စာရေးရင် ကြည့်ပေးရတယ်။ ပုံတွေဆွဲပေးရတယ်။ အေ၇ာင်တွေခြယ်တာ၊ စကူတွေ ဖြတ်ညှပ်ကပ်ပေးရတယ်။ အရုပ်တွေနဲ့ ကစားပေးရတယ်။ အိပ်ရာဝင် ပုံပြင်
ပြောပြပေးရသေးတယ်။ ပိတ်ရက်ဆိုရင် သူလိုချင်တဲ့အရာလေးတွေ ဈေးလိုက်ဝယ်ပေးရတယ်။
၂။ သင့်တင့်လျောက်တဲ့ ၀င်ငွေ နဲ့ ဂုဏ်လေးတစ်ခုဖြစ်စေတဲ့ ရာထူးလေးအတွက် မနက် (၈း၃၀)ကနေ ညနေ (၅)နာရီအထိ အချိန်ပေးရုံးတက်ရသေးတယ်။
၃။ သားနဲ့ သမီးတို့ ဖေဖေအတွက် ကိုယ်တိုင်ထည့်ပေးတဲ့ ရုံးထမင်းချိုင့်လေးဖြစ်စေဖို့ မီးဖိုချောင် ခဏ ပြေးဝင်လိုက်ရသေးတယ်။ အင်္ကျီဖြူဖြူလေး သပ်သပ်ရပ်ရပ် ဖြစ်စေဖို့ ကိုယ်တိုင် လျှော်ဖွတ်မီးပူလေးလည်းတိုက်ပေးရသေးတယ်။ ညဘက် ညဥ့်နက်တဲ့အထိ ပုံဆွဲနေရင် တစ်ယောက်တည်း ပျင်းနေမှာစိုးလို့ အဖော်စောင့်ပေးရသေးတယ်။
၎။အိမ်ရှင်မတစ်ယောက်ဖြစ်တဲ့အတွက် အိမ်လေးလှပနေစေဖို့ သန့်ရှင်းရေးလေးလည်း လုပ်လိုက်သေးတယ်။
၅။အပိုဝင်ငွေလေးရစေဖို့ ကိုယ်တတ်ထားတဲ့ ပညာလေးအသုံးချပြီး ဒီဇိုင်းလေးတွေက ဆွဲလိုက်ရသေးတယ်။
၆။ ကိုယ့်ပညာရပ် ဆက်လက်အောင်မြင်စေဖို့ သုတေသန စာတမ်းလေးတွေရေးရ ဖတ်ရသေးတယ်။
၇။ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အချိတ်အဆက်မပြတ်စေဖို့ စ်ဘွတ် သုံးရသေးတယ်။
၈။ ကိုယ့်ရဲ့ ၀ါသနာလေးအတွက် ဘလောဂ့်လေးလည်းရေးရသေးတယ်။
၉။ သံသရာမှာ ကိုယ့်နောက်ပါစေဖို့ ဘုရားတရားလေးလည်း နဲနဲပါးပါးလုပ်ရသေးတယ်။
နောက်ထပ်လုပ်ရမယ့် အလုပ်တွှေိနေပါသေးတယ်။
.....................................
မိဘကျေးဇူးဆပ်နိုင်အောင်လုပ်ရအုံးမယ်။  
လောလောဆယ်တော့ မိဘတွေ အပမပေးဘဲ စိတ်ချမ်းချမ်းသာသာ ထားနိုင်အောင်ကြိုးစားနေတယ် 


(ဆန်းစနေန်း)